ပြည်သူလူထုပါဝင်မှု အရေး ကြီးကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေ မှာ ပြည်သူလူထုရဲ့ ပါဝင်ဆောင်ရွက်မှုကလည်း အရေးကြီးတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ပြောကြား လိုက်ပါတယ်။

အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေရဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောတာပါ။

"အမျိုးသားလုံခြုံရေးအပေါ်မှာ ပြည်သူလူထုရဲ့ အခြေပြုအမြင်နဲ့ဆောင်ရွက်တဲ့ သမရိုးကျ မဟုတ်တဲ့ လုံခြုံရေးဆိုင်ရာအမြင်တွေကို တတ်နိုင်တဲ့ဘက်က ဆောင်ရွက်သွားဖို့ဖြစ် ပါတယ်၊ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး မှာ ပြည်သူလူထု ပါဝင်ဆောင်ရွက်မှုကလည်း အရေးကြီးပါတယ်၊ ပြည်သူလူထုအခြေပြုတဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အရေးပါတဲ့အကြောင်းကို ဒီအစည်းအဝေးမှာ မီးမောင်းထိုးပြီးပြပါတယ်"


၁၁ ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘောတွေ့ဆုံပွဲမှာ ၂၀၁၄ ခုနှစ်မှသည် ၂၀၁၆ ခုနှစ် ဆီသို့ ဆက်လက်ဆောင်ရွက်နိုင်ရန်၊ အာဆီယံ တပ်မတော်တွေအကြား လုပ်ငန်းစဉ်တွေနဲ့ လက်တွေ့လုပ်ဆောင်မှုတွေ ပိုမိုခိုင်မာစေရန် စတဲ့အချက် ၃ ချက်ပါတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

လာမယ့် ၂၀၁၆ ခုနှစ်မှာကျင်းပမယ့် အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောတွေ့ဆုံပွဲ ကို မလေးရှားနိုင်ငံမှာ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။