RCSS ပေါ်တာဆွဲခံရသူတွေ မိုင်းနင်းလို့ သေကြေ ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်းက ဒေသခံ ၁၇ ဦးကို ရိက္ခာတွေသယ်ဆောင်ပေးဖို့ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့တွေက ခေါ်ယူသွားစဉ် လမ်းမှာ မိုင်းပေါက်ကွဲတာကြောင့် ဒေသခံ ၁ ဦးသေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဇူလိုင်လ ၆ ရက်နေ့ မနေ့က နမ္မတူမြို့နယ်၊ ပိန်းထွမ်ရွာအထွက်မှာ မိုင်းပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ နမ္မတူမြို့နယ် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ် က ပြောပါတယ်။

"မိုင်းနင်းမိတာတော့ မဟုတ်ဘူး၊ တောင်ကမ်းပါးယံကနေ ပေါက်ကွဲလာတာပေါ့နော်၊ နှစ်လုံးပေါက်တာပေါ့နော်၊ ငါးကိုက်လောက်အကွာမှာ အရှေ့တစ်လုံး အနောက်တစ်လုံး အဲ့လိုပေါက်သွားတာ၊ မနေ့က မနက် ၈ နာ ရီကျော်လောက်မှာလို့ပြောတာပဲ၊ ၃ ယောက်က နည်းနည်းဒဏ်ရာပြင်းတယ်၊ လားရှိုးကိုလွှဲလိုက်တာ၊ တစ်ယောက်ကိုပဲ မနေ့က ခွဲစိတ်ပေးနိုင်သေးတယ်၊ ကျန်တဲ့နှစ်ယောက်ကိုတော့ ခွဲစိတ်မပေးရသေးဘူးလို့ပြော တာပဲ၊ အမလည်းဒီနေ့မှ လားရှိုးကိုရောက်မှာ"

မိုင်းပေါက်ကွဲတာကြောင့် ထိခိုက်ခဲ့သူတွေထဲက ၃ဦးဟာ မန်စံတိုက်နယ်ဆေးရုံမှာ ဆေးဝါးကုသမှု ခံနေရသလို လားရှိုးဆေးရုံမှာ ၃ ဦး စုစုပေါင်း ၆ ဦးဆေးဝါးကုသမှုခံနေရပါတယ်။ မန်စံဆေးရုံက ၃ ဦးက အသက်အန္တရာယ် မစိုးရိမ်ရတော့ပေမယ့် လားရှိုးဆေးရုံက ၃ ဦးက အသက်အန္တရာယ် စိုးရိမ် နေရဆဲဖြစ်ပါတယ်။

နမ္မတူမြို့နယ်အတွင်းမှာရှိတဲ့ နမ့်ပိုင်၊ နားကျိုင်း၊ ကွန်ကျောင်း၊ ပိန်းလုံနဲ့ နားကျဲရွာက ဒေသခံတွေကို RCSS/SSA တပ်ဖွဲ့တွေက ရိက္ခာတွေသယ်ဆောင်ပေးဖို့ အကူအညီတောင်းခံခဲ့ပြီး ဒေသခံတွေက ကူညီဆောင်ရွက်ပေးခဲ့ တာဖြစ်တယ်လို့ ဒေါ်နန်းစံဟွမ်က ပြောပါတယ်။

သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို RCSS ဘက်က တာဝန်ယူပေးဖို့ နမ္မတူမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တွေက ညှိနှိုင်းပေးနေတယ်လို့ ဒေါ်နန်းစံဟွမ်က ပြောပါတယ်။

နမ္မတူမြို့နယ်အတွင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်း လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ လှုပ်ရှားမှုတွေရှိပြီး တိုက်ပွဲတွေလည်း ဖြစ်ပွားလေ့ရှိပါတယ်။