ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ မြန်မာ့သတ္တုတွင်း ဥပဒေပါ ပြဋ္ဌာန်းချက်တွေကိုလည်း ကြေညာချက်မှာ ပါရှိတာကို ဒီကနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်နေတဲ့ Eco Dev ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းမျိုးသူကတော့ မြစ်ကြောင်းထိန်းသိမ်းရေးအတွက် နဂိုကတည်းက ဥပဒေထုတ်ပြန်ထားတာ ရှိတယ်လို့ ပြောပါတယ်။
ဒီလ ၁၅ ရက်နေ့မှာလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးရဲ့ သဘောတူညီချက်အရ သတ္တုတွင်းဝန်ကြီးဌာနက မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၉ အရ ကျင့်သုံးပြီး ဒီအမိန့်ကို ထုတ်ပြန်လိုက်တယ်လို့ ဖော်ပြထားပါတယ်။
ဒီလို ဥပဒေတွေရှိပါလျက် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တင်မက မေခနဲ့ မလိခမြစ်မှာရော တခြားမြစ်တွေမှာပါ ရိုးရာနည်း မသုံးတော့ဘဲ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတဲ့အတွက် မြစ်ရေညစ်ညမ်းနေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။
သတ္တုတွင်း ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဒီမြစ်လေးသွယ် ထိန်းသိမ်းရေးကို စနစ်တကျ ပေါင်းစည်းဆောင်ရွက်ဖို့၊ ပစ္စုပ္ပန်နဲ့ အနာဂတ်မျိုးဆက်တွေ အကျိုးအတွက် သန့်ရှင်းကောင်းမွန်တဲ့ ပတ်ဝန်းကျင် ဖြစ်ပေါ်လာစေဖို့နဲ့ မြစ်ကြီးတွေ ရေစီးရေလာကောင်းရေးအတွက် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
ဥပဒေတွေ တားမြစ်ချက်တွေရှိပေမဲ့ ဧရာဝတီမြစ်ကြောင်း တစ်နေရာမှာ ရွှေရှာနေတဲ့ လှေအစီး ၃၀၀ လောက်တောင် တွေ့ခဲ့ရတယ်လို့ လေ့လာသူတစ်ဦးက ပြောပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။