မိုင်းနင်းမိသူ အမျိုးသမီး ၃ ဦးအနက် ၁ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မန်လွယ်ကျေးရွာမှာ ဒီနေ့မနက်က မိုင်းနင်းမိပြီး ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ဖက်ခြံကို သွားရာလမ်းမှာ မိုင်းနင်းမိခဲ့ကြတာဖြစ်တယ်လို့ မိုင်းနင်းသူတွေကို ကူညီပေးနေတဲ့ သီပေါမြို့နယ်၊ နယ်စည်းမခြားပရဟိတအဖွဲ့က ကိုမျိုး က ပြောပါတယ်။

"ကျနော်တို့ ဒီကနေပြီး လူမှုရေးအဖွဲ့အစည်း ကားနှစ်စီးနဲ့သွားတယ်။ သွားပြီးဟိုရောက်တော့ ကျနော်တို့က ကျနော့်ကားမှာ ၂ ယောက် နောက်တစ်စီးမှာ ၁ ယောက် တင်လာတဲ့အချိန်မှာ သီပေါဆေး ရုံရောက်တော့ ကောင်မလေးတစ်ယောက်က ဆုံးသွားတယ်ခင်ဗျ။ ၁ ယောက်ကတော့ ကျနော်တို့ လားရှိုးဆေးရုံးကို ဆေးရုံကားနဲ့ပဲ ပို့လိုက်တယ်ခင်ဗျ။ခြေထောက်မှာ ဒဏ်ရာတော်တော်ပြင်းတယ်။ သီပေါဆေးရုံမှာ ၁ ယောက် ရှိသေးတယ်။ဒီမှာရှိတဲ့ ၁ ယောက်ကတော့ သက်သာပါတယ်။ သူကတော့ လက်တွေဘာတွေမိုင်းစ မှန်တာပေါ့"

လက်ရှိမှာ ရဲတပ်ဖွဲ့ဝင်တွေက သီပေါမြို့ နယ်ဆေးရုံကို လာရောက်စစ်ဆေးခဲ့တာတွေရှိတယ်လို့ ပြောပါတယ်။

မန်လွယ်ကျေးရွာတဝိုက်မှာ တအာင်းလွတ်မြောက်ရေးတပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ တို့ကြားတိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပါတယ်။

လတ်တလောမှာ တိုက်ပွဲတွေ တည်ငြိမ်နေတာကြောင့် သီပေါမြို့နယ်မှာ ခိုလှုံနေတဲ့ ဒေသခံတွေဟာ မန်လွယ်ကျေးရွာက နေအိမ်တွေကို ပြန်သွားကြတာ ရက် ၂၀ ဝန်းကျင်လောက်သာ ရှိသေးတယ်လို့ သိရပါတယ်။