ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ရွှေနံ့သာကျေးရွာက လယ်သမား ၅ဝ ကျော်ဟာ ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေမှာ ပြန်လည် လုပ်ကိုင်ခွင့်ရဖို့ ဒီကနေ့ မန္တလေး အဝေးပြေး လမ်းမပေါ်မှာရှိတဲ့ ကျိုက်ကလို့စေတီတော် ရှေ့ ကနေ လှော်ကားဓာတ်အားပေးစက်ရုံရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
နှစ်စဉ်လိုလို မိုးရာသီရောက်တိုင်း လယ်ယာလုပ်ငန်းတွေမှာ ကုမ္ပဏီဘက်ကသူတွေကို လုပ်ကိုင်ခွင့်ပေးထားပြီး လယ်အသိမ်းခံထားရတဲ့ လယ်သမားတွေကို လုပ်ကိုင်ခွင့်မပေးတာကြောင့် လယ်သမားတွေ အခုလိုဆန္ဒပြရတာ ဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ လယ်သမား ဦးစံလှကျော်က RFA ကို ပြောပါတယ်။
"လယ်ကို ကိုယ်တိုင်ကိုယ်ကျလုပ်နေကြတဲ့ လယ်သမားတွေကို သီးစားစရိတ် မချပေးဘဲနဲ့ လယ်မလုပ်တဲ့သူတွေကို သီးစားစရိတ်ချပေးတယ်၊ အခုသီးစားစရိတ်ကို ကျနော်တို့နာမည်နဲ့ ချပေးရင်ချပေး၊ ချမပေးရင် ကျနော်တို့ ဒီလယ်ထဲက မထွက်နိုင်ဘူးဆိုတာကို ဆန္ဒဖော်ထုတ်တာပါ"
လယ်သမား ၁ဝဝ နီးပါး ပိုင်ဆိုင်တဲ့ ရွှေနံ့သာကျေးရွာတဝိုက်က လယ်ယာမြေဧက ၈ဝဝ ကျော်ကို ၂ဝဝ၉ ခုနှစ် နောက်ပိုင်းမှာ ဇေကမ္ဘာကုမ္ပဏီက စက်မှုဇုန်တွေ အကောင်အထည်ဖော်ဖို့ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲမှာ လယ်သမားတွေက နှစ် ၂ဝ ကျော် လုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေတွေထဲမှာ သီးစားခနဲ့ ပြန်လည်လုပ်ကိုင်ခွင့်ပေးဖို့၊ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေကို တရားစွဲဆိုမှုတွေ ရပ်တန့်ပေးဖို့်၊ လယ်ယာမြေ စုံစမ်းစစ်ဆေးရေးအဖွဲ့က လယ်သမားတွေကို ဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့၊ လယ်လုပ်သူတွေမဟုတ်ဘဲ လယ်လုပ်ပိုင်ခွင့်ချပေးတာကို လုံးဝလက်မခံစတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ပါတယ်။