ရခိုင်ပြည်နယ်နယ်မှာ နေထိုင်ကြတဲ့ မွတ်စလင်ဘာသာဝင် လူဦးရေစာရင်းကောက်ခံမှုကို ဝိုင်းဝန်းကူညီပေးကြဖို့ လိုအပ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက စစ်တွေမြို့မှာ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒီနေ့ ဆွေးနွေးစဉ် တိုက်တွန်းပြောကြားခဲ့ပါတယ်။
စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံပြီး ဝန်ကြီးက အခုလို တိုက်တွန်းပြောကြားလိုက်တာပါ။
“ဘင်္ဂါလီပြောလိုက်၊ ရိုဟင်ဂျာပြောလိုက် အငြင်းပွားမှာစိုးလို့ အဲဒါကိုဖယ်ထားတာ၊ ဒီလိုပြောတာလည်း ကျနော့်အရှေ့မှာ လက်ခံပြီးတော့ တခြားမှာကျတော့ သူတို့အချင်းချင်း ပြန်ညှိတဲ့အခါမှာ ညှိလို့မရလို့ ကျနော်တို့ မကောက်နိုင်ဘူးဖြစ်နေတယ်၊ မကောက်နိုင်တော့ ကျနော်တို့ဆီမှာ ခိုးဝင်တဲ့သူမရှိဘူးဆိုတာ ကျနော်က သက်သေပြဖို့ ခက်နေတယ်”
ဒီကနေ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေနဲ့ ရပ်မိရပ်ဖတွေကလည်း ဝန်ကြီးဦးခင်ရီရဲ့ တိုက်တွန်းပြောဆိုမှုကို ကူညီကြမယ်လို့ ပြောကြားခဲ့ကြပါတယ်။
တချိန်တည်းမှာ ရခိုင်ပြည်နယ်မှာ ဘိုးစဉ်ဘောင်ဆက်နေထိုင်လာခဲ့ကြသူ မွတ်စလင်ဘာသာဝင်တွေလည်း ရှိနေတဲ့အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေကို အကောင်အထည်ဖော်ရာမှာ အဲဒီအချက်ကို အလေးထားစဉ်းစားဖို့လိုအပ်တယ်လို့လည်း ဝန်ကြီး ဦးခင်ရီကို တက်ရောက်လာကြသူတွေက တင်ပြခဲ့ကြပါတယ်။
ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုပွဲကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell၊ သြစတြေးလျ၊ ဆွစ်ဇာလန်စတဲ့ သံအမတ်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဝန်ကြီးဦးခင်ရီနဲ့ သံအမတ်ကြီးတို့အဖွဲ့ဟာ စစ်တွေမြို့အနောက်ဘက်မှာရှိတဲ့ ခေါင်းဒုတ်ကာ မွတ်စလင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့သလို ပေါက်တောမြို့နယ်က ကြိမ်နီပြင်ဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်ခဲ့တယ်လို့ သိရပါတယ်။