ဒီပြောဆိုချက်ဟာ ပြည်ထောင်စု တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ ခေါ် UNFC ရဲ့ တောင်းဆိုချက် အရဖြစ်နိုင်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်တဲ့ သတင်းထောက် တစ်ဦးက ပြောပါတယ်။ "ဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းနဲ့ ဦးခင်ရီတို့ ၃ ယောက် မီဒီယာတွေနဲ့ တွေ့တာဗျ။ အဖွဲ့တစ်ဖွဲ့ပဲ ရှိမယ်တဲ့။ အလုပ်တွင်ကျယ်အောင် ပြောတာ။ ဦးအောင်မင်း တစ်ယောက်ထဲကို မူတည်ပြီး လုပ်စေချင်တဲ့ ပုံစံရှိတယ်။ UNFC က ဒီနေ့ အဲလို တောင်းဆိုထားတယ်လို့ ပြောတယ်။ အဲဒါ UNFC ကို အကြောင်းပြန်ထားတယ်ပေါ့။ သူလုပ်တဲ့ သူ့ procedure ၃ ချက်ရှိတယ်ပေါ့၊ အဲဒါ အဲဒီအတိုင်းလုပ်မယ်ဆိုရင်တော့ လုပ်မယ်ပေါ့။ မလုပ်ဘူးဆိုရင်တော့ ကျနော် နာမည်ပျက်မခံနိုင်ဘူးလို့ ပြောထားတယ်။" သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်းမှာ လက်နက်ကိုင် တိုင်းရင်းသားများနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ဖို့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ဆောင်ရွက်နေရာမှာ စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်းဦးသိန်းဇော်တို့ က စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းနဲ့ ဦးခင်ရီတို့ အဖွဲ့က မြန်မာနိုင်ငံတောင်ပိုင်းက တိုင်းရင်းသားတွေနဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ လတ်တလောအနေနဲ့ တိုင်းရင်းသား အဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်ရပ်ရေး ပဏာမ သဘောတူညီချက် ရရှိထားပြီး၊ ဦးအောင်မင်းရဲ့ အဖွဲ့ ဆောင်ရွက်ချက်ကို တိုင်းရင်းသား အဖွဲ့များက ပိုပြီး အားရကျေနပ်တယ်လို့ တိုင်းရင်းသား သတင်းရပ်ကွက်က ပြောဆိုပါတယ်။ လတ်တလော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရန် KIO အဖွဲ့တစ်ဖွဲ့သာ ကျန်ရှိပါတယ်။ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးကို ၁၉၉၄ ခုနှစ်က စာချုပ် လက်မှတ်ရေးထိုး ပြီးဖြစ်တာကြောင့် နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးဖို့ လိုအပ်တယ်လို့ KIO အဖွဲ့က ပြောဆိုထားပါတယ်။