ရခိုင်ပြည်နယ်မှာ အောင်တံခွန် အမှတ်(၃)ရေယာဉ် နစ်မြုပ်ခဲ့တာဟာ ဝန်ပိုတွေကို အဆမတန် တင်ဆောင်ခဲ့ တာတွေအပြင် ရေယာဉ်မှူးဟာ အရက်သေစာသောက် စားထားတာကို စီစစ်တွေ့ရှိရကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောပါတယ်။
ရေယာဉ်နစ်မြုပ်တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဒီနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ လာရောက်ရှင်းလင်းရာမှာ ဝန်ကြီးချုပ် ဦးမောင်မောင် အုန်းက ပြောခဲ့တာပါ။
"တောင်ကုတ်ကထွက်ကတည်းက ကုန်နည်းနည်းများ ပါတယ်၊ ရေလည်းနည်းနည်းဝင်ပါတယ်၊ ဒီလိုပဲ ဖာထေးပြီးလာတယ်လို့ သတင်းအရသိရပါတယ် ၊ ကျောက်ဖြူကျတော့ ကုန်နည်းနည်းထပ်တင်တာနဲ့ လူနည်းနည်းထပ်စီးတာတွေလည်းရှိသလို ရေလည်းပိုဝင်လာနိုင်တဲ့ သဘောမျိုးတွေလည်းတွေ့ရတဲ့အတွက် အဓိကအချက်က ကုန်တန်ချိန်များ ပိုမိုသယ်ဆောင်လာတာကိုတွေ့ရပါတယ်၊ နောက်တစ်ချက်က ရေယာဉ် မှူးအနေနဲ့ အရက်သေစာသောက်စားတယ်ဆိုတဲ့ အနေအထားမျိုးလည်း သုံးသပ်တွေ့ရှိရပါတယ်"
အဲဒီရေယာဉ်ဟာ နှစ်ပေါင်း ၂၀ လောက် သက်တမ်းကြာရှည်နေပြီဖြစ်တာကြောင့် ပျက်စီးယိုယွင်းနေပြီဖြစ် သလို နောင်တော်မြစ်အတွင်း လှိုင်းကြီးနေတာကြောင့် လမ်းကြောင်းလွှဲခုတ်မောင်းဖို့ ကြိုးစားရာမှာ နစ်မြုပ်ခဲ့တာလို့လည်း ပြောပါတယ်။
လူ ၂၀၀ ကျော်တင်ဆောင်ပြီး တောင်ကုတ်မြို့ကနေ စစ်တွေမြို့ကိုခုတ်မောင်လာတဲ့ အဲဒီရေယာဉ်နစ်မြုပ်ရာမှာ လူ ၁၆၉ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး ရေယာဉ်မှူးအပါအဝင် လူ ၆၁ ဦး သေဆုံးခဲ့ပါတယ်။
ရေယာဉ်နစ်မြုပ်ရာမှာ မိသားစုတွေ အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေအတွက် ပညာရေး၊ အလုပ်အကိုင်ရရှိရေးတွေကို အစိုးရကတာဝန်ယူသွားမယ်လို့လည်း ဝန်ကြီးချုပ်ကပြောပါတယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ရေယာဉ် နစ်မြုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာမှာ အချိန်လုံလောက်မှုမရှိတာကြောင့် အစီရင်ခံစာတင်မယ့်ရက်ကို မတ်လ ၁၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ရွှေ့ဆိုင်းခဲ့ပါတယ်။
ဒီအစီရင်ခံစာအပေါ်မှာ မူတည်ပြီးတော့ ရခိုင်ပြည်နယ်မှာ လက်ရှိပြေးဆွဲနေတဲ့ အစိုးရပိုင်ရေယာဉ်တွေအားလုံးကို ရပ်နားပြီး လုံခြုံစိတ်ချရတဲ့ရေယာဉ်တွေကို ဝယ်ယူပြေးဆွဲပေးနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက လွှတ်တော်မှာရှင်းလင်းပြောဆိုခဲ့ပါတယ်။
ဒီအတောအတွင်း အောင်တံခွန် အမှတ် ၃ ရေယာဉ် နစ်မြုပ်ခဲ့တာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက တာဝန်ယူကြဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန် လွှတ်တော်ကို လာရောက်ရှင်းလင်းစဉ် လွှတ်တော်ဥက္ကဌက မှတ်ချက်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။
"ပြောရမယ်ဆိုရင် လိမ်ညာပြောဆိုမှုတွေ မမှန်မကန်ပြောဆိုမှုတွေ ပြည်သူတွေမကြိုက်ဘူး၊ ရခိုင်တိုင်းရင်းသားပဲဖြစ်ဖြစ် ဘယ်လူမျိုးဖြစ်ဖြစ် လိမ်ညာပြောဆိုနေတဲ့ဟာကို ဘယ်သူမှမကြိုက်ဘူး၊ အဖြစ်မှန်ဖော်ထုတ်တဲ့နေရာမှာ အဖြစ်မှန်ရရှိအောင် ဆောင်ရွက်သွားဖို့ဆိုတဲ့ဟာလည်း ဒီနေ့ဆွေးနွေးတဲ့နေရာမှာ ရရှိတဲ့သင်ခန်းစာပဲဖြစ်ပါတယ်၊ အဲ့ဒါဘယ်လိုပဲဖြစ်ဖြစ် ပြီးတာတွေပြီးသွားပြီ၊ အင်မတန် တန်ဖိုးရှိတဲ့အသက်တွေ ဆုံးရှုံးသွားပြီ၊ ဒီဘဝကျနော်တို့ဘာလုပ်မလဲ၊ အပြစ်တွေပြော အပြစ်တွေမြင်မယ့်အစား တာဝန်ရှိတဲ့သူတွေက တာဝန်ယူရမယ်၊ တာဝန်ခံပြီးတော့ ဆောင်ရွက်ရမယ်"
ဒီလိုဖြစ်ရပ်မျိုးနောက်မဖြစ်အောင် တာဝန်ရှိသူတွေက တာဝန်ခံဆောင်ရွက်ပေးဖို့လိုသလို စီးနင်းလိုက်ပါသူတွေအနေနဲ့လည်း သတ်မှတ်စည်းကမ်းတွေကိုလိုက်နာဖို့ လွှတ်တော်ဥက္ကဌက ပြောပါတယ်။အောင်တံခွန် ၃ ခရီး သည်ရေယာဉ်နစ်မြုပ်ခဲ့တာကြောင့် သေဆုံးခဲ့သူ ၆၁ ဦးရဲ့ အလောင်းတွေကို ဆယ်ယူရရှိထားပြီးဖြစ်ပြီး ကျန်ရှိနိုင်သေးကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
ဒီလွှတ်တော်ဆွေးနွေးချက်တွေကို RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
