အခုလို လာရောက် ကူညီတာဟာ သမ္မတက ခွင့်ပြုလို့ ဖြစ်တယ်လို့ ဝန်ကြီး ဦးအောင်မင်းက (၈၈) မျိုးဆက် ကျောင်းသားတွေကို ပြောခဲ့ပါတယ်။
"အရင်တုန်းက စနစ်က ခွင့်မပြုဘူး။ အခုက စနစ်က ခွင့်ပြုပြီ။ လုပ်လို့ရသွားပြီ။ နိုင်ငံတော်က ခွင့်ပြု၊ သမ္မတကြီးက ခွင့်ပြုလို့ ကျွန်တော်တို့ လာလို့ရတာပေါ့"
အစိုးရ ဝန်ကြီးတွေ ကိုယ်တိုင် ၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားအတွက် အခုလို လာရောက် အားပေးတဲ့အပေါ် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ကြိုဆိုလိုက်ပါတယ်။
"ဒီဟာက ဖြစ်သင့်ဖြစ်ထိုက်တာက ကြာပြီဗျ။ ဘာကြောင့်လဲဆိုတော့ ရှစ်လေးလုံးကြောင့်ပဲ ကျွန်တော်တို့ တိုင်းပြည် အကြီးအကျယ် ပြောင်းလဲခဲ့တယ်။ အမှောင်ထဲကနေ အလင်းဘက်ကို မျက်နှာမူလာတယ်။ အာဏာရှင် ဥခွံကွဲပြီးတော့ ဒီမိုကရေစီ သားပေါက်ခွင့်ရတယ်ပေါ့ဗျာ။ အဲဒီအပေါ်မှာ အသိအမှတ်ပြုတယ်လို့ပဲ ကျွန်တော် နားလည်ပါတယ်။ အဲတော့ ရေရှည်မှာ ကျွန်တော်တို့ တည်ဆောက်ရေးအတွက် အားလုံးပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်လို့ သမ္မတကြီးကိုယ်တိုင် ပြောထားတဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားနားလည်မှုက အင်မတန် အရေးကြီးပါတယ်။ အဲဒါကို ဒီကနေ့ တည်ဆောက်နိုင်ခဲ့တယ်။ အတိုင်းအတာ တစ်ခုအထိတော့ တည်ဆောက်နိုင်ခဲ့ပြီ။ ကောင်းတဲ့ လက္ခဏာပါ"
မနက်ဖြန် ကျင်းပမယ့် အခမ်းအနားကို ဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ တက်ရောက်မယ်၊ မတက်ရောက်ဘူး ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။
ဝန်ကြီးတွေနဲ့ ဒီနေ့ညနေ တွေ့ဆုံပွဲမှာ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့က ကိုမင်းကိုနိုင် ရေးသားတဲ့ နောက်ကြည့်မှန် စာအုပ်နဲ့ ကိုမြအေး ရေးသားတဲ့ မိုးကောင်းကင်၌ တိမ်တိုက်များ စာအုပ်တွေကို လက်မှတ်ထိုးပြီး ဝန်ကြီးနှစ်ဦးကို မေတ္တာလက်ဆောင် ပေးလိုက်ကြပါတယ်။
