လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသ ကျေးရွာ ၃၃ရွာက ဒေသခံတွေဟာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီနေ့တွေ့ဆုံစဉ် မြေယာလျော်ကြေးတိုးပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ဦးဆောင်တဲ့ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်တွေနဲ့ လက်ပံတောင်းဒေသက ဒေသခံတွေ ဆားလင်းကြီးမြို့နယ် ချည်မျှင်နဲ့ အထည်ချုပ်စက်ရုံမှာ ဒီနေ့တွေ့ဆုံစဉ် တင်ပြခဲ့တာပါ။
မြေယာလျော်ကြေးကိစ္စအပြင် လယ်တီဆရာတော်ဘုရားကြီးရဲ့သိမ်နဲ့ သာသနိက အဆောက်အဦးကိစ္စတွေကို တင်ပြခဲ့တယ်လို့ ဒီနေ့တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ တုံကျေးရွာက ကိုသက်ဦးက ပြောပါတယ်။
“ကျနော်တို့က သူတို့သတ်မှတ်ပေးတဲ့ ၁ဝ သိန်း၊ ၁၅ သိန်းနဲ့ ဒေသခံတောင်သူတွေရဲ့ဘဝ ရေရှည်မှာအခက်အခဲတွေ ဖြစ်လာနိုင်တယ်၊ ဘဝရပ်တည်မှု မဖြစ်နိုင်တဲ့အတွက် အဲဒီ ၁ဝ သိန်း၊ ၁၅ သိန်းကို ကျနော်တို့ လျှော်ကြေးမထုတ်ယူနိုင်ဘူး၊ ကျနော်တို့မေးတာက ထပ်တိုးလို့ရသေးလား၊ ဘယ်လောက်အတိုင်းအတာအထိ တိုးလို့ရသလဲမေးတော့ ဝန်ကြီးတစ်ယောက်မှ အဖြေပေးသွားတာ မရှိဘူးခင်ဗျ၊ လယ်တီသိမ်ကိစ္စရောပေါ့ ခင်ဗျာ”
ဝန်ကြီး ဦးလှထွန်းက ဒေသခံတွေရဲ့ တင်ပြချက်ကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ထပ်မံတွေ့ဆုံမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ လုပ်ငန်းဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဘက်ကတော့ ဒီနေ့တွေ့ဆုံမှု မှာ ရွှေ့ပြောင်းထားတဲ့ကျေးရွာတွေ လျှပ်စစ်မီးရရှိရေးနဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းအောင် ဆောင်ရွက်ပေးနေကြောင်း ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေနဲ့ ကော်မတီတွေ့ဆုံမှုကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး၊ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်အောင်၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်း၊ သစ်တောရေးရာ ဝန်ကြီးဌာနဝန်ကြီး ဦးဝင်းထွန်းတို့ပါတက်ရောက်ခဲ့ပါတယ်။
ဒီနေ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့ဆုံပွဲကို ဆည်တဲ၊ ဇီးတော၊ တောကျောင်း၊ တုံရွာ၊ ဝက်မှေး၊ အလယ်ရွာစတဲ့ ကျေးရွာ ၃၃ရွာက ဒေသခံတွေ တက်ရောက်ခဲ့တာပါ။
ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ တုံရွာသား ကိုအောင်သန်းမျိုးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။