စက်မှုဇုန် ၂၄ နာရီ ဓါတ်အားရမယ်

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်က စက်ရုံတွေကို ၂၄ နာရီပတ်လုံး လျပ်စစ်မီး ပေးနိုင်အောင် တစ်နှစ်အတွင်း ဖြေရှင်းဆောင်ရွက်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြောလိုက်ပါတယ်။

လှိုင်သာယာမြို့နယ် ကနောင်ခန်းမမှာ ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်နဲ့ လှိုင်သာယာစက်မှုဇုန်က စီးပွားရေးလုပ်ငန်းရှင်တွေ ဒီနေ့တွေ့ဆုံပွဲမှာ ဒေါ်နီလာကျော် က ပြောကြားခဲ့တာဖြစ်ကြောင်း လှိုင်သာယာမြို့နယ် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ရွှေ က ပြောပါတယ်။

"စက်မှုဇုန်ရဲ့ အသက်သွေးကြောဟာ လျှပ်စစ်ပဲ၊ လျှပ်စစ်မလာရင် ဘာမှလုပ်လို့မရဘူး၊ ပေးမပြတ်အောင် လို့လုပ်လိုက် ၂၄ နာရီ၊ အဲ့လိုမပြတ်တာမှ အလုပ်လုပ်လို့ရတယ်၊ ဝန်ကြီးအနေနဲ့ကတော့ လျှပ်စစ်ဘက်က အခက်အခဲတွေလည်း သူသိတယ်၊ ပြည်သူ့ဘက်က တောင်းဆိုတာတွေလည်းသိတယ်၊ ဒီဥစ္စာကို သူတို့ အဖြေရှာပေးမယ်၊ တစ်လတစ်ကြိမ်တော့ အနည်းဆုံး တွေ့ဆုံဆွေးနွေးပွဲလေးလုပ်ပြီးတော့ ဒီအဖြေကို ဒီတစ်နှစ်အတွင်းမှာ မရ ရအောင်ဖော်ထုတ်မယ်လို့ သူကတော့ပြောတယ်"

လှိုင်သာယာ စက်မှုဇုန်မှာ စက်ရုံပေါင်း ၆၆၀ ကျော်ရှိပြီး လက်ရှိမှာ လျှပ်စစ် မီဂါဝပ် ၅၀ နီးပါးသာ သုံးစွဲခွင့် ရရှိပါတယ်။ မီးလာတဲ့အချိန်တွေမှာ လျှပ်စစ်မီးအားမပြည့်တဲ့အတွက် လျှပ်စစ်မီးအား တိုးမြှင့်ပေးဖို့ကို စက်မှုလုပ်ငန်းရှင်တွေက အဓိကထားတင်ပြခဲ့ကြပါတယ်။

ဒါ့အပြင် ကိုယ်ပိုင်ထရန်ဖော်မာ တပ်ဆင်ထားတဲ့ စက်ရုံတွေကိုလည်း အဲ့ဒီကနေ လျှပ်စစ်မီးသုံးစွဲခွင့် ရအောင် ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

လှိုင်သာယာစက်မှုဇုန်က စက်ရုံတွေဟာ လျှပ်စစ်မီးသုံးစွဲခွင့်အတွက် မီတာ ၁ ယူနစ်ကို ၁၅၀ ကျပ်နဲ့ ဓာတ်အားခ ပေးဆောင်နေရပါတယ်။

လျှပ်စစ်ဓာတ်အားခကောက်ခံတာကို အစိုးရက တိုက်ရိုက် ကောက်ယူတာမဟုတ်ပဲ မြန်မာဓနကုမ္ပဏီက လျှပ်စစ်မီတာခ ကောက်ခံနေတာ ဖြစ်ပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ လှိုင်သာယာမြို့နယ် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။