ကျေးရွာ ဖွံံ့ဖြိုးရေးအကြောင်းပြ ကြံ့ခိုင်ဖွံ့ဖြိုးရေးအတွက် စည်းရုံးရေးဆင်း

မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့ အဖွဲ့ဟာ ကျေးရွာဖွံံ့ဖြိုးရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ရွာသူ ရွာသားတွေကို စုရုံးစေပြီး၊ ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးအတွက် စည်းရုံးရေး ဆင်းခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

အဲဒီ ဟောပြောပွဲအတွက် ဝေဠုဝန် ဘုန်းကြီးကျောင်းမှာ ဟောပြောဖို့ အစီအစဉ်ကို ဆရာတော်က ခွင့်မပြုတဲ့အတွက် မင်းရပ်၊ တလိုင်းမော် မူလတန်းကျောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဟောပြောပွဲကို ဆရာတော်က ကျေးရွာသူ၊ ကျေးရွာသားတွေရဲ့ ဆန္ဒအရ ဘုန်းကြီးကျောင်းမှာ လုပ်ခွင့်မပေးနိုင်ကြောင်း၊ မိန့်ကြားခဲ့တာကိုလည်း မူလတန်းကျောင်းမှာ ဟောပြောစဉ် ပါတီတစ်ခုရဲ့ ပယောဂကြောင့် ဆရာတော်က ခွင့်မပြုတာ ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဟောပြောပွဲမှာ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်ရေးကို သွယ်ဝှက်ပြီး ပြောဆိုတာ ရှိသလို ဒေသခံတွေဖြစ်မှ ဒေသအကျိုးကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ အခုရွေးကောက်ပွဲမှာ မိမိတို့ပါတီ အနိုင်ရသည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ နောက်လေးနှစ်အထိ၊ မိမိတို့ရဲ့ အုပ်ချုပ်ရေးအောက်မှာပဲ ရှိနေမှာဖြစ်တယ်လို့ ခြိမ်းခြောက် ပြောဆိုတာလည်း ရှိတယ်လို့ဆိုပါတယ်။

ဟောပြောပွဲ ပြုလုပ်ခွင့်ရသွားတဲ့ မင်းရပ်၊ တလိုင်းမော် မူကြိုကျောင်းအတွက် သွတ်ပြား ၈၀၊ ဘိလပ်မြေ အိတ် ၃၀၊ သစ် ၅ တန်၊ မူလတန်းလွန်ကျောင်းအတွက် ဘိလပ်မြေအိတ် ၁၀၀၊ ငွေ ၈၅ သိန်းနဲ့မင်းရပ်မြောက်ပိုင်း အမက အတွက် ဘိလပ်မြေ အိတ် ၁၀၀ ပေးသွားတယ်လို့သိရပါတယ် ။