လယ်ယာမဲ့ တောင်သူတွေ ကို နေရာချထားပေးဖို့ သစ်တောဝန်ကြီး ကတိပြု

ယခင်ခေတ်အဆက်ဆက် အစိုးရတွေလက်ထက် ကတည်းက တည်ရှိခဲ့တဲ့ လယ်ယာမြေ ပြဿနာတွေကို မိမိတို့အစိုးရအနေနဲ့ ဖြေရှင်းသွားမှာဖြစ်ကြောင်းနဲ့ လယ်မဲ့ယာမဲ့ဖြစ်ခဲ့တဲ့ တောင်သူလယ်သမားတွေ ကို နေရာချပေးနိုင်တဲ့အထိ ဆောင်ရွက်သွား မှာဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။

နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းက အခုလို ကတိပေးပြောဆို ခဲ့တာပါ။

"ခေတ်အဆက်ဆက်က ဖြစ်ပျက်လာခဲ့တဲ့ ပြည်သူများဘက်မှ လက်မခံနိုင်တဲ့ လယ်ယာကိစ္စများဟာလည်းပဲ မိမိတို့အစိုးရက ကောင်းမွေဆိုးမွေဆက်ခံရတဲ့အထဲက တစ်ခုဖြစ်ပါတယ်၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ စီမံဆောင်ရွက်တဲ့နေရာမှာ လယ်မဲ့ယာမဲ့များ အခြေကျနေရာမရှိတဲ့သူများကိုလည်း တရားဝင်နေရာချပေးနိုင်ရေးအထိကို ကျနော်တို့မျှော်မှန်းဆောင်ရွက်နေတာဖြစ်ပါတယ် "

ဒီနေ့ သတင်းစာရှင်းလင်းပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအပြင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်စတဲ့ ဌာနဆိုင်ရာအကြီးအကဲတွေ တက်ရောက်ခဲ့ပါတယ်။

တစ်နိုင်ငံလုံးက လယ်ယာမြေပြဿနာတွေနဲ့ ပတ်သတ်လို့ ပြီးခဲ့တဲ့ သတ္တမအကြိမ် ပြည်ထောင်စုလွှတ်တော်က အစီရင်ခံစာ ၃ စောင်နဲ့ လယ်ယာမြေပြဿနာ အမှုပေါင်း ၇၄၅ မှုကို အမြန်ဆုံးဖြေရှင်းပေးဖို့ ပြည်ထောင်စု အစိုးရထံ ပေးပို့ထားတာပါ။

အစိုးရအနေနဲ့ လွှတ်တော်ကပေးပို့ထားတဲ့ မြေယာကိစ္စပေါင်း ၇၄၅ခုကို တစ်နှစ်အတွင်း အပြီးသတ်ဖြေရှင်းသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။