ဟိုတယ်တွေ လုံခြုံရေး ပိုဂရုစိုက်ကြဖို့ ဒုဝန်ကြီး သတိပေး

မနေ့က ညပိုင်းနဲ့ ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်နဲ့ စစ်ကိုင်းမြို့ ရွှေပြည့်စုံ ဟိုတယ်တွေမှာ ဗုံးပေါက်ကွဲခဲ့တာနဲ့ပတ်သက်ပြီး ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လုံခြုံရေးကို ပိုမိုသတိထားဖို့ ရန်ကုန်မြို့က ဟိုတယ်လုပ်ငန်းရှင်တွေကို ဒီနေ့ တိုက်တွန်းပြောဆို လိုက်ပါတယ်။

ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရန်ကုန်) နဲ့ ပန်ဒါဟိုတယ်မှာတွေ့ဆုံစဉ် ဟိုတယ်နဲ့ ခရီးသွားလာရေး ဒုတိယဝန်ကြီး ဒေါက်တာတင်ရွှေက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

"ပြည်ပကလာမယ့်သူတွေကလည်း ဒီမှာ မတည်ငြိမ်ဘူးဆိုတဲ့ ကောလာဟာလမျိုးတွေရမယ်၊ ကျနော်တို့ရဲ့ တိုးတက်မှုတွေဟာ နှောင့်နှေးသွားနိုင် ပါတယ်၊ ကျနော်တို့လုပ်သမျှတွေဟာ မအောင်မြင်ဘူး၊ အောင်မြင်အောင်လုပ်နေပေမယ့်လို့ အဲလိုအဖျက် လုပ်ငန်းလေးတွေ ဝင်လာတဲ့အတွက် ကျနော်တို့က စိတ်မကောင်းစရာဖြစ်ပါတယ်၊ နောက်ပိုင်းမှာလည်းပဲ ဟိုတယ်လုပ်ငန်းရှင်ကြီးများကို ဒီလိုအကျပ်အတည်းတွေ ဖြစ်လာတဲ့အချိန်မှာ မိမိတို့ဟိုတယ်ရဲ့ပဲဖြစ်ဖြစ်၊ မိတ်ဆွေတွေရဲ့ ဟိုတယ်ပဲဖြစ်ဖြစ် အားလုံးတစ်ယောက်နဲ့ တစ်ယောက် စည်းလုံးညီညွှတ်ဖို့လိုပါတယ်"

ကုန်သည်ကြီးများဟိုတယ်မှာ ဗုံးဖောက်ခွဲတဲ့သူတွေကိုလည်း ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။

ခုလိုဖြစ်စဉ်မျိုးကို နမူနာယူပြီး ရန်ကုန်မြို့က ဟိုတယ်လုပ်ငန်းရှင်တွေအားလုံး လုံခြုံရေးကို ပူးပေါင်းလုပ်ဆောင်ကြဖို့ကိုလည်း ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်ဇော်ဝင်းက အခမ်းအနားမှာ ပြောပါတယ်။

"ဒီမှာရှိတဲ့ ဟိုတယ် GM များ၊ ဟိုတယ်လုပ်ငန်းရှင်များအနေနဲ့ ကိုယ့်ရဲ့ Housekeeping တွေကိုလည်း သန့်ရှင်းရေးလုပ်တဲ့အခါမှာ ဒီဟာကို ကျနော်တို့သင်ခန်းစာယူပြီးတော့မှ အပေါ်ယံလေးတင် သန့်ရှင်းရေးလုပ်တာမဟုတ်ဘဲနဲ့ ကျနော်တို့ သေသေချာချာ စောင့်ကြည့်ပြီးတော့မှာ မသင်္ကာတာတစ်ခုခုတွေ့လို့ရှိရင် သက်ဆိုင်ရာကို သတင်းပို့ဖို့လိုပါတယ်၊ ခုတလောဖြစ်တဲ့ဖြစ်စဉ်တွေမှာ ကြည့်မယ်ဆိုလို့ရှိရင် ကျွတ်ကျွတ်အိတ်အမဲထဲထည့်ပြီး သုံးသွားတာတွေ့ရပါတယ်၊ ဒါမျိုးတွေတွေ့လို့ မသင်္ကာလို့ရှိရင် သက်ဆိုင်ရာကို သတင်းပို့ပြီးတော့မှလုပ်ဖို့ လိုပါလိမ့်မယ်"


ကုန်သည်ကြီးများဟိုတယ်မှာ ဗုံးပေါက်စဉ် ဒဏ်ရာရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီးကို ဆေးဝါးကုသဖို့ ထိုင်းနိုင်ငံကို ပို့လိုက်ပြီလို့လည်း သိရပါတယ်။