လက်ကျန် နိုင်/ကျဉ်းစာရင်း ဒီဇင်ဘာလ ၃၁ မတိုင်ခင်ပို့ဖို့ ဝန်ကြီးတောင်းဆို

နိုင်ငံရေးအကျဉ်းသားအားလုံးကို ဒီနှစ်မကုန်ခင် အားလုံးပြန်လွှတ်ပေးနိုင်ရေးအတွက် လက်ကျန်နိုင်ငံရေး အကျဉ်းသားစာရင်းကို ဒီဇင်ဘာလ (၃၁) ရက်နေ့ မတိုင်ခင် ပေးပို့ဖို့လိုအပ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မနေ့က ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးဗဟိုဌာနမှာ ပြည်ထောင်စုဝန်ကြီးတွေနဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ်အတွင်း ပြောကြားခဲ့တာပါ။

ဒီနှစ်ကုန်ကျရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိစေရဘူးလို့ သမ္မတ ဦးသိန်းစိန်က နိုင်ငံတကာကို ကတိပြု ပြောဆိုခဲ့ပါတယ်။ အဲဒါကြောင့် အခုရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့ ဆောင်ရွက်နေကြောင်း၊ ဒီနှစ်ကုန်မှာ စာရင်းမကျန်ဘဲ အားလုံးလွှတ်နိုင်ဖို့ နိုင်ငံရေးအကျဉ်းသားစိစစ်ရေး ကော်မတီအနေနဲ့ ဒီဇင်ဘာ (၃၁) ရက်နေ့အမီ အကြောင်းကြားပေးပို့ဖို့လိုကြောင်း ဝန်ကြီးဦးအောင်မင်းက ပြောပါတယ်။

လက်ကျန် နိုင်ငံရေးအကျဉ်းသားစိစစ်ရေး ကော်မတီဝင် နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ချုပ်က ဦးရဲအောင်က လက်ရှိစာရင်းအရ လက်ကျန်နိုင်ငံရေးအကျဉ်းသား ၁၄၇ ဦးရှိကြောင်း၊ ကျန်နေတာတွေလည်း ရှိနေနိုင်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားမှန်ပေမယ့် နိုင်ငံရေးပုဒ်မနဲ့ တရားမစွဲဘဲ တခြားရာဇဝတ်မှု ပုဒ်မတွေနဲ့ တရားစွဲထောင်ချထားတာတွေရှိနေတဲ့အတွက် အဲဒီသူတွေကျန်ခဲ့မှာကို စိုးရိမ်ကြောင်း ပြောပါတယ်။


နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကို အားလုံးပူးပေါင်းပြီး နှစ်ပတ်တစ်ကြိမ် ဆွေးနွေးစိစစ်နေတယ်လို့ ဝန်ကြီး ဦးအော်မင်းကပြောပါတယ်။
သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် အခုထိ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့တာ (၁၂) ကြိမ် ရှိပြီဖြစ်ပါတယ်။