သန်းခေါင်စာရင်းကိစ္စ ဝန်ကြီး ဦးခင်ရီ ရှင်းလင်း

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်မယ့် အစီအစဉ်ဟာ နိုင်ငံရေး၊ စစ်ရေးတွေအတွက် အကျိုးအမြတ် ထုတ်လိုတဲ့ဆန္ဒကြောင့် မဟုတ် ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် တာ ဖြစ်တာကြောင့် အားလုံးပူပေါင်းပါဝင်ကြဖို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက ဒီနေ့ ပြောကြားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူရေးနဲ့ ပတ်သက်တဲ့ လူထုတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အခုလိုပြောဆိုခဲ့တာပါ။

ဒီနေ့တက်ရောက်လာတဲ့ ရှမ်း၊ ကချင်၊ လော်ဝေါ်၊ လာချိတ် စတဲ့ တိုင်ရင်းသားတွေက တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ အမည်တွေကို အခုကောက်ယူမယ့် သန်ခေါင်းစာရင်းမှာ မျိုးနွယ်စုတွေ ခွဲထုတ်လိုက်တာ နဲ့ ပတ်သက်ပြီး တင်ပြကြပါတယ်။

သန်းခေါင်စာရင်းပုံစံမှာပါဝင်တဲ့ တိုင်းရင်းသားမျိုးနွယ်စု သတ်မှတ်ထားတာတွေနဲ့ ပတ်သက်ပြီး ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီးမှ ဒုတိယအဆင့်အနေနဲ့ အားလုံးနဲ့ ဆွေးနွေးအဖြေရှာသွားမှာလို့ ဦးခင်ရီက ပြောပါတယ်။ ဒီတွေ့ဆုံပွဲကို တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းအချို့နဲ့ ဒေသခံ မြို့မိမြို့ဖ တစ်ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။