လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်ကို ယာယီရပ်ဆိုင်းကြောင်း လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးရဲ့ တင်ပြချက်ကို ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မှာ လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လျှပ်စစ်မီတာခတွေကို ပြန်လည် စိစစ်သတ်မှတ်မယ်လို့ အခုလိုတင်ပြခဲ့ပါတယ်။
"ပြည်သူလူထုရဲ့ နှစ်စဉ်ဓာတ်အားလိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဓာတ်အားပေး စက်ရုံကြီးများကို အချိန်မီတည်ဆောက်သွားဖို့ လိုအပ်ပါတယ်၊ ဒီလိုမလုပ်ရင် နောင် ၂ဝ၁၅၊ ၂ဝ၂ဝ ခုနှစ်အထိ နိုင်ငံတော်အတွက် ယခုထက်ပိုမိုပြီး ခက်ခဲနိုင်ပါတယ်၊ ယခင်အစိုးရလက်ထက် က ချေးငွေများရယူပြီး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ပေးခဲ့လို့ မိမိတို့အနေနဲ့ အဲဒီဓာတ်အားတွေကို ယခုအသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်၊ စီးပွားရေးလုပ်ငန်းရှင်များ ရဲ့ ဆွေးနွေးတင်ပြခဲ့ခြင်း၊ ပြည်ထောင်စုလွှတ်တော်မှ ကိုယ်စားလှယ်၏ အရေးပေါ်အဆိုတင်သွင်းခြင်းမူအရ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ခြင်းကို ၂ဝ၁၃ ခုနှစ် ဘဏ္ဍရေးနှစ်အကုန် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍရေးနှစ်အစတို့ စိစစ်ပြီးမှ ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ပါတယ်"
နိုဝင်ဘာလ ၁ရက်နေ့ကစပြီးသုံးစွဲတဲ့ အိမ်သုံးနဲ့ လုပ်ငန်းသုံး လျှပ်စစ်မီတာခတွေကို နှစ်ဆအထိ တိုးမြှင့်ကောက်ခံတော့မယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က အစိုးရကကြေညာပြီး နောက်ပိုင်း ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကန့်ကွက်ဆန္ဒပြတာတွေကြောင့် လျှပ်စစ်မီတာခနှုန်းတွေကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က နိုဝင်ဘာလ ၈ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အရေးကြီးအဆို တင်သွင်းခဲ့တာပါ။
အစိုးရက အိမ်သုံးလျှပ်စစ်မီတာခ ယူနစ် ၁၀၀ အထိကို ၃၅ ကျပ်၊ ယူနစ် ၁၀၀ အထက်ကို ၅၀ ကျပ် ကောက်ခံမှာဖြစ်သလို လုပ်ငန်းသုံးကိုတော့ ယူနစ် ၅၀၀၀ အထိကို ၇၅ ကျပ်၊ ယူနစ် ၅၀၀၀ အထက်ကို ၁၅၀ကျပ်အထိ ကောက်ခံမှာဖြစ်တယ်လို့ ကြေညာခဲ့တာပါ။