၂ဝဝ၉ ခုနှစ်အတွက် ဂွမ်ဂျူး လူ့အခွင့်အရေးဆု ကိုမင်းကိုနိုင် လက်ခံရယူ

တောင်ကိုးရီးယားနိင်ငံံမှာ ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ ၂၀၀၉ ခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံက ရွေးချယ် ချီးမြှင့်ခဲ့တဲ့ Gwanju လူ့အခွင့်အရေးဆုကို ဒီကနေ့ အထူးအခမ်းအနားနဲ့ ကိုယ်တိုင်လက်ခံရယူခဲ့တယ်လို့ ကိုမင်းကိုနိုင်ရဲ့ ခရီးစဉ်အတွင်း လိုက်ပါကူညီဆောင်ရွက်နေတဲ့ NLD လွတ်မြောက်နယ်မြေ တောင်ကိုးရီးယားဌာနခွဲက ဦးရန်နိင်ထွန်းက RFA ကို ပြောပါတယ်။

"လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က မင်းကိုနိုင်ရခဲ့တဲ့ ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို ကိုမင်းကိုနိုင်ကို ဒီနေ့မေလ ၁၆ ရက်နေ့မှာ အခမ်းအနားတစ်ရပ်အနေနဲ့ ကျင်းပပြီးတော့ ပြန်လည်ချီးမြှင့်တဲ့ အခမ်းအနားပဲဖြစ်ပါတယ်၊ တကယ်တမ်း အခမ်းအနားကျင်းပတာကတော့ မေလ ၁၈ ရက်နေ့မှာ ၂၀၁၃ ခုနှစ်အတွက် ဂွမ်းဂျူး လူ့အခွင့်အရေးဆု ရတဲ့သူကိုလည်း ဆုချီးမြှင့်မှာပေါ့"

ဆုပေးပွဲအခမ်းအနားဟာ နှစ်စဉ်မေလ ၁၈ ရက်မှာ ကျင်းပလေ့ရှိပေမယ့် အထူးအခမ်းအနားအနေနဲ့ ဒီကနေ့ ကိုမင်းကိုနိုင်ကို ဆုချီးမြှင့်ပေးအပ်ခဲ့တာပါ။

၁၈ ရက်နေ့ကျင်းပမယ့် အခမ်းအနားကိုလည်း ကိုမင်းကိုနိုင် တက်ရောက်မယ်လို့ သိရပါတယ်။

အဲဒီနောက် လူ့အခွင့်အရေးအတွက် ကျဆုံးသွားကြတဲ့ ကျောင်းသားတွေရဲ့ အုတ်ဂူတွေမှာ သွားရောက်ဂါရဝပြုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။