မင်းပြားမြို့မှာ အကြမ်းဖက်မီးရှို့မှုနဲ့ ဆက်စပ်ပြီး စတင်စစ်ဆေးနေ

ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာနဲ့ အနီးတစ်ဝိုက် က ဒေသခံတွေကို အခုရက်ပိုင်းအတွင်း အာဏာပိုင်တွေက ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

အဲဒီလို ခေါ်ယူစစ်ဆေးရာမှာ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ်မှူး ဦးအောင်ကျော်ဦး ကိုယ်တိုင် မြောက်ဦးမြို့မှာ ရုံးထိုင်ပြီးတော့ ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။ အာဏာပိုင်တွေက အခုလို ခေါ်ယူစစ်ဆေးနေတဲ့အတွက် ဒေသခံတစ်ချို့က ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေတယ်လို့လည်းသိရပါတယ်။

ဒေသခံတွေကို အာဏာပိုင်တွေဘက်က အခုလို ခေါ်ယူစစ်ဆေးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ နေ့လည် ၃ နာရီခန့်က မြောက်ဦးရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ တာဝန်ကျရဲအရာရှိက ပြန်လည်ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

မင်းပြားမြို့နယ်အတွင်းက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေအပြင် မြောက်ဦး၊ ကျောက်တော်မြို့နယ်က ကျေးရွာအချို့မှာလည်း ဒေသခံတွေကို အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေမှာ အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူ ၂ဝ ဦးထက် မနည်းရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာစတင်ပြီး တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေဟာ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ၊ ရသေ့တောင် စတဲ့မြို့နယ်တွေကို ကူးစက်သွားခဲ့ပြီး သေဆုံးသူဦးရေ ၈၉ ဦး၊ မီးလောင်ဆုံးရှုံးတဲ့ နေအိမ် ၅ဝဝဝ ကျော် နဲ့ လူဦးရေ ၃၂ဝဝဝ ကျော် ဒုက္ခရောက်ခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာတွေမှာ သတင်းထုတ်ပြန်ခဲ့ ပါတယ်။