ကလေးနှစ်ယောက်နှုန်း ကန့်သတ်မိန့် ပြည်နယ် အနှံ့ ပြဌာန်းဖို့ တောင်းဆို

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ထုတ်ပြန်ထားတဲ့ မွတ်စလင်တစ်အိမ်ထောင် ကလေးနှစ်ဦးထက် ပိုမယူရေး ဒေသန္တရအမိန့်အပေါ် ထောက်ခံကြောင်းနဲ့ ဒီဒေသန္တရအမိန့်ကို ရခိုင်ပြည်နယ်တစ်ခုလုံး တိုးချဲ့ထုတ်ပြန်ပေးဖို့အတွက် ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မင်းပြားမြို့တွေမှာ ဒီကနေ့ ဒေသခံတွေ ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

မင်းပြားမြို့နယ်က ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဦးဆောင်သူတွေထဲမှာပါဝင်တဲ့ ရခိုင်လူမှုကွန်ရက်က မြို့ခံ ဦးခင်ဇော်ဝင်းက RFA ကို အခုလို ပြောပါတယ်။

"ဒီဒေသန္တရဥပဒေကို ထောက်ခံတာပဲပေ့ါ၊ ပြီးတော့ တရားဥပဒေစိုးမိုးရေးရယ်၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ လက်မခံဘူးပေါ့"

ဒီမြို့နှစ်မြို့က ဆန္ဒပြပွဲတွေကို သက်ဆိုင်ရာ မြို့မိမြို့ဖတွေ၊ လူမှုအဖွဲ့အစည်းတွေက ဦးဆောင်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီဒေသန္တရအမိန့်အပေါ် ထောက်ခံဆန္ဒပြပွဲကို မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း ပြုလုပ်ခဲ့ပါတယ်။