မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေမှာ နောက်ထပ် ခြေလှမ်းကြီးတစ်ရပ်ကို တက်လှမ်းနိုင်ရေး၊ အမေရိကန်နဲ့ ပုံမှန်ဆက်ဆံရေး အပြည့်အ၀ ထူထောင်ရေးအတွက် လက်ရှိဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း အမေရိကန်အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ကန်တက်ကီပြည်နယ် ရီပါဗလီကန်အမတ် မစ်ချ် မက်ကောနဲလ် (Mitch McConnell) က ပြောကြားလိုက် ပါတယ်။
မြန်မာအစိုးရဟာ လွန်ခဲ့တဲ့ ၂ နှစ်ခွဲကာလအတွင်း ကြိုဆိုစရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဆက်လက်ဆောင်ရွက်စရာတွေ အမြောက်အများ ကျန်ရှိနေကြောင်း လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ်ရဲ့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။
အထူးသဖြင့် အားနည်း ချွတ်ယွင်းချက်တွေရှိနေတဲ့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်မှာ မဟုတ်ကြောင်း၊ နိုင်ငံရဲ့အဓိက ပြဿနာဖြစ်တဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် တပ်မတော်ကို အရပ်သားသမ္မတ ထိန်းချုပ်တဲ့စနစ် ရောက်အောင် ပြောင်းလဲရမှာဖြစ်ကြောင်း၊ ဒုတိယ ပြင်ဆင်ရမယ့်အချက်က ဒီမိုကရေစီရဲ့ အခြေခံမူဖြစ်တဲ့ ပြည်သူတွေ သူတို့လိုလားတဲ့ ခေါင်းဆောင်ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိအောင် ဖန်တီးပေးဖို့ဖြစ်ကြောင်း၊ တတိယအပိုင်းကတော့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်အတွက် ပြုပြင်ဖို့လိုအပ်ကြောင်း၊ စတုတ္ထအချက်အဖြစ် လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေရရှိအောင် ဖွဲ့စည်းပုံကို ပြင်ဆင်သွားရ မှာဖြစ်ကြောင်း မစ္စတာမက်ကောနယ်လ်က တိုက်တွန်းထားပါတယ်။