အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနား NLD ပါတီ တက်ရောက်မည်

အစိုးရက ဒီနှစ်ကျင်းပမယ့် ဇူလိုင် (၁၉) ရက် ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တက်ရောက်ဖို့ ရှိတယ်လို့ ပါတီတာဝန်ရှိသူတွေက RFA ကို ဒီကနေ့ ပြောကြားပါတယ်။

ဒါဟာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ နေအိမ်အကျယ်ချုပ်က လွှတ်ပေးလိုက်ပြီးတဲ့နောက် သက်ဆိုင်ရာ အာဏာပိုင်တွေက NLD ပါတီကို အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ဖို့ ပထမဦးဆုံးအကြိမ် တရားဝင်ဖိတ်ကြားတာ ဖြစ်တယ်လို့ ပါတီ နာယကအဖွဲ့ဝင် ဦးတင်ဦးက ပြောပါတယ်။

"မနှစ်ကတုံးက ကျနော်တု့ိက အဖွဲ့ရယ်လို့မှ အသိအမှတ်ပြု မခံရသေးပဲ။ သို့သော်လည်းဘဲ သမ္မတကြီး ဦးသိန်းစိန်နဲ့ တွေ့ပြီးတဲ့ နောက်ပိုင်းမှာ လိုက်လိုက်လျောလျော ရှိလာတော့၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ဟာသူပဲ မနက်ပိုင်းမှာ ခါတိုင်းလိုပဲ သွားတာ ရှိတယ်ပေါ့နော်။ အဲဒါနဲ့ အတူတကွပဲလား။ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးတော့မှပဲ နောက်ပိုင်းမှ တဖွဲ့စီ ပန်းခွေချတာပဲ ဖြစ်မလား ဆိုတာတော့ မသိသေးဘူးခင်ဗျ။ ဒါပေမဲ့ တက်ဖို့ ၅ ယောက်တော့ စာရင်းပေးလိုက်ပြီ။"

အာဇာနည်နေ့ အခမ်းအနားကို ပါတီကိုယ်စားပြု တက်ရောက်မယ့် ငါးဦးကတော့ ဦးတင်ဦး၊ ဦးဟံသာမြင့်၊ ဦးစိုးဝင်း၊ ဒေါ်မြင့်မြင့်စိန်၊ ကိုမျိုးညွန့်တို့ ဖြစ်ပါတယ်။

ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေး တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အာဇာနည်နေ့ အခမ်းအနား အတွက် ဇူလိုင် (၁၈) ရက်နေ့မှာ ရန်ကုန်မြို့ကို ခေတ္တခဏ ပြန်လာမယ်လို့ ဆိုပါတယ်။

မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေ လုပ်ကြံ သတ်ဖြတ်ခံရပြီး ကျဆုံးသွားတဲ့နေ့ကို အောက်မေ့တဲ့ အနေနဲ့ NLD ဌာနချုပ်မှာလည်း အရင်နှစ်တွေလိုပဲ အခမ်းအနား ကျင်းပပြီး အာဇာနည်ဗိမာန်ကို သွားရောက် အလေးပြုဖို့ ရှိတယ်လို့ ပါတီတာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။