မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်ဒဏ်ချမှတ်

ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်က ထိုင်းနိုင်ငံထဲကို ခိုးသွင်းလာတဲ့ မြန်မာနိုင်ငံ သားတွေ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ထိုင်းလူမျိုး ၄ ယောက်ကို သူတို့နိုင်ငံတရားရုံးက ဒီကနေ့ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

အဲဒီ လူမှောင်ခိုကုန်ကူးသူ ထိုင်းနိုင်ငံသား ၄ ဦး က တရားမဝင် မြန်မာနိုင်ငံသား ၁၂၁ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်း Phuket ဒေသကို အလုံပိတ်ပစ္စည်းတင် ကွန်တိန်နာကားထဲမှာ အပြည့်အကြပ်တင်ပြီး သွားပို့ခဲ့တုန်းမှာ လေပေးစက်ပျက်ပြီး အဲဒီအထဲက လူတဝက်နီးပါးလောက် အသက်ရှု မွန်းကြပ်ပြီး သေဆုံးခဲ့ပါတယ်။

အဲဒီ ထိုင်းလူမျိုး ၄ ယောက်ကို လူမှောင်ခိုကူးမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု ၊ လူသေမှုတွေနဲ့ တရားရုံးတင်စစ်ဆေးပြီးနောက် ကွန်တိန်နာကားပိုင်ရှင်ကို ထောင်ဒဏ်၁ဝ နှစ်၊ သူနဲ့ပူးတွဲကြံစည်သူကို ထောင်ဒဏ် ၉ နှစ် နောက်ထပ်အကူအညီပေးသူတဦးကို ၆ နှစ် ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

သူတို့ ၄ ဦးထဲမှာပါဝင်တဲ့ ထိုင်းအမျိုးသမီးကိုတော့ ဖြစ်စဉ်အားလုံး ဖြောင့်ချက်ပေးတဲ့အတွက် သက်ညှာတဲ့အနေနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။