မြန်မာ သမ္မတနဲ့ နယူးဇီလန် ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး

သမ္မတ ဦးသိန်းစိန် ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ နယူးဇီလန် ဝန်ကြီးချုပ် မစ္စတာ John Key နဲ့ နေပြည်တော်မှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ကူညီပံ့ပိုးမှုတွေနဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအပေါ် လူသားချင်း စာနာတဲ့အကူအညီတွေနဲ့ ပတ်သက်ပြီး နယူးဇီလန်နိုင်ငံကို အထူးကျေးဇူးတင်ရှိကြောင်း သမ္မတဦးသိန်းစိန် က ပြောဆိုပြီး၊ မြန်မာပြည် တည်ငြိမ်အေးချမ်းတဲ့ဒေသတွေမှာ ကူညီထောက်ပံ့စေလိုကြောင်း၊ အထူးသဖြင့် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ကူညီပေးစေလိုကြောင်း ပြောဆိုခဲ့တယ်လို့ သမ္မတရုံး က ဖေါ်ပြပါတယ်။

ဒါ့ပြင် သီးနှံစိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ လျှပ်စစ်စွမ်းအင်၊ မွေးမြူရေး ၊ သတ္တုတူးဖေါ်ရေးနဲ့ လူသားရင်းမြစ် တိုးတက်ဖွံ့ဖြိုးရေး စတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးနိုင်တဲ့ လုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့လည်း ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

နယူးဇီလန် ဝန်ကြီးချုပ် မစ္စတာ John Key ကလည်း ဦးသိန်းစိန် ကို နယူးဇီလန်နိုင်ငံကို လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

နယူးဇီလန် သတင်းတစ်ပုဒ်အဆိုအရ သမ္မတ ဦးသိန်းစိန်ဟာ ဒီဇင်ဘာလအတွင်း နယူးဇီလန်နိုင်ငံကို အလည်အပတ်သွားမယ်လို့ ဆိုပါတယ်။ ဒါ့ပြင် နယူးးဇီလန်ဟာ မြန်မာနိုင်ငံမှာ နိုနဲ့ နို့ထွက်ပစ္စည်း ထုတ်လုပ်ဖို့ စိတ်ဝင်စားကြောင်းလည်း ဖေါ်ပြထားပါတယ်။