စစ်ရပ်စဲလိုက်ကြောင်း ကိုးကန့်တပ်မတော် ကြေညာ

0:00 / 0:00

ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA က အစိုးရ တပ်မတော်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို တစ်ဖက်သတ် စစ်ရပ်စဲလိုက်ကြောင်း မနေ့က ကြေညာချက် ထုတ်ခဲ့ပါတယ်။

တရုတ်-မြန်မာနယ်စပ် အေးချမ်းတည်ငြိမ်ဖို့နဲ့ ရွေးကောက်ပွဲမှာ အနှောင့်အယှက်မဖြစ်စေဖို့အတွက် ကိုယ့်ကိုကိုယ်ခုခံတာကလွဲပြီး ကိုးကန့်ဘက်က စတင်တိုက်ခိုက်မှာမဟုတ်ဘူးလို့ MNDAA အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ်လင်းက ပြောပါတယ်။

"အဓိကကတော့ တိုက်ပွဲတွေဟာ ကျနော်တို့က ထိုးစစ်မတိုက်ဘူးဆိုတာကို တစ်နိုင်ငံလုံး သိအောင်အတွက်ပါ၊ ပြီးတော့ တရုတ်ဘက်ကလည်း ခဏခဏ မီဒီယာတွေမှာလည်းပြောတယ်၊ သူတို့နယ်စပ်ဘက်ကို တည်တည် ငြိမ်ငြိမ်လေး ဖြစ်စေချင်တယ်ဆိုပြီး ကမ်းလှမ်းထားတာတွေ့ပါတယ်၊ ကျနော်တို့ တိုက်ပွဲတွေကြောင့် မို့ ရွေးကောက်ပွဲကို အဟန့်အတားဖြစ်မှာ ကျနော်တို့ မလိုလားပါဘူးခင်ဗျ၊ ခံစစ်တွေချည်းပဲ တိုက်နေရတာပါ၊ တကယ်လို့ သူတို့ကလာတိုက်ရင်တော့ ကျနော်တို့ခုခံရမှာပေါ့"

ရိုက်တာသတင်းမှာတော့ တရုတ်အစိုးရရဲ့ဖိအားကြောင့် စစ်ရပ်စဲကြောင်း ကြေညာခဲ့တာလို့ ဆိုပါတယ်။ ကိုးကန့်တပ်ရဲ့ ကြေညာချက်မှာ တရုတ် မြန်မာနယ်စပ်မှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ တရုတ်အစိုးရက ပြင်းပြင်း ထန်ထန် တောင်းဆိုခဲ့တာကလည်း အကြောင်းတစ်ခုဖြစ်တယ်လို့ ဖေါ်ပြထားကြောင်း ရိုက်တာသတင်းမှာ ပါရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ကိုးကန့်အဖွဲ့ရဲ့ ကြေညာချက်ကို သိရှိကြောင်း၊ ဒါပေမဲ့သံသယရှိကြောင်း၊ ကိုးကန့်ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေမှာဖြစ်ကြောင်း ရိုက်တာသတင်းကို ပြောဆိုခဲ့ပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အနီးတဝိုက်မှာ ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့်အဖွဲ့နဲ့ အစိုးရ တပ်မတော်တို့အကြား ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၉ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားပါတယ်။