ကျူးကျော်တွေအတွက် စီစဉ်ပေးဖို့ လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း


2016.02.03
slum-house-620.jpg ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်က ဖျက်ဆီးခံရတဲ့ ကျူးကျော်နေအိမ်တချို့ကို တွေ့ရစဉ်
Photo: RFA

ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားပြီးရင် ပြန်လည်နေရာချထားပေးဖို့နဲ့ ဖယ်ရှားတဲ့အခါမှာ သယ်ယူ ပို့ဆောင်ရေးတွေ စီစဉ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဒီနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးက ကျူးကျော်နေထိုင်သူတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း အတင်းအဓမ္မ ဖယ်ရှားခဲ့တဲ့အပေါ် ကျုးကျော်သူတွေကို လူသားချင်းစာနာထောက်ထားပြီး ဆောင်ရွက်ပေးဖို့အတွက် အကြံပြု တဲ့ ကြေညာချက်ဖြစ်တယ်လို့ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်က ပြောပါတယ်။

"ကျူးကျော်တဲ့လူတွေကို ဖယ်ရှားတဲ့ကိစ္စမှာ သူတို့ကို ပြန်စဉ်းစားပေးဖို့ပါ၊ သူတို့ရဲ့ ကျန်းမာရေး အခွင့်အရေးတွေ၊ ပညာသင်ကြားတဲ့ အခွင့်အရေးတွေ၊ နေရေးထိုင်ရေး အခွင့်အရေးတွေ ဒါလေးတွေ စဉ်းစားပေးဖို့ပါပဲ"

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးထဲက ယုဇနဥယျာဉ်မြို့တော်နဲ့ မင်္ဂလာဒုံ ပျဉ်းမပင်စက်မှုဇုန်က ကျုးကျော်နေထိုင်သူတွေ၊ မန္တလေးတိုင်းဒေသကြီးက ညောင်နီကျေးရွာက ကျုးကျော်နေထိုင်သူတွေကို အတင်းအဓမ္မ ဖယ်ရှားခဲ့တာတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ ကြေညာချက် ဖြစ်ပါတယ်။

ကျုးကျော်သူတွေကို ဖယ်ရှားရာမှာ ယာယီနေထိုင်စားသောက်နိုင်ဖို့နဲ့ ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေပေး မှာဖြစ်ကြောင်း အုပ်ချုပ်ရေးဘက်က ပြောဆိုမှုတွေရှိပေမယ့် လက်တွေ့မှာ ဘယ်အကူအညီမှ မပေးတာကို ကြားသိနေရကြောင်းနဲ့ လမ်းကြိုလမ်းကြားမှာ ဖြစ်သလိုနေထိုင်ပြီး လမ်းဘေးကျူးကျော်တွေအဖြစ် ထပ်မံရောက်ရှိသွားကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

နေအိမ်ဖယ်ရှားခံရတာကြောင့် လမ်းဘေးရောက်နေသူတွေထဲမှာ ကျောင်းသူ ကျောင်းသားတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ ပါရှိနေပြီး သောက်သုံးရေ လုံလောက်စွာမရရှိကြောင်းလည်း ပါရှိပါတယ်။

ကျုးကျော်တွေကို ဖယ်ရှားတာ မလုပ်ခင် အသိပညာပေးဆွေးနွေးတာ၊ သတိပေးအမိန့်တွေ ထုတ်ပြန်တာ၊ ရွှေ့ပြောင်းရေးအတွက် သယ်ယူပို့ဆောင်ရေးတွေ စီစဉ်ပေးတာ၊ လူမှုရေးဆိုင်ရာ အကူအညီတွေပေးတာ၊ ဖယ်ရှားပြီးနောက် ပြန်လည်နေရာချထားတာတွေကို ဆောင်ရွက်ပေးသင့်တယ်လို့ အကြံပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။