၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ပုဒ်မ ၅၉ နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်း သတ်မှတ်ချက်ကိုမပြင်ဖို့ ဒီနေ့ ရန်ကုန် မြို့ ဗိုလ်စိန်မှန် အားကစားကွင်းမှာ ကျင်းပတဲ့ ပုဒ်မ ၅၉ မပြင်ရေး ဟောပြောပွဲမှာ အမျိုးသားရေးကွန်ရက် က တောင်းဆိုလိုက်ပါတယ်။
ဥပဒေရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီး နယ်လှည့်ဟောပြောနေသူ တသီးပုဂ္ဂလ ဥပဒေပညာရှင်တစ်ဦးဖြစ်တဲ့ ဦးအေးပိုင်က ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေမှာလည်း ပုဒ်မ ၅၉ (စ) လို တူညီတဲ့ပြဌာန်းချက် ပါရှိတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံက ၅၉ ကိုလည်း မပြင်သင့်ကြောင်း အခုလို ပြောပါတယ်။
“၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်း ပါဝင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ သမ္မတအဆင့်ကို မပြောနဲ့ဦး၊ လွှတ်တော်ပါလီမန်တစ်ယောက် အဆင့်မှာတောင် မှ နိုင်ငံခြားတစ်ခုရဲ့ သြဇာခံ နိုင်ငံခြားသား မဖြစ်ရဘူးလို့ တိတိကျကျပြောထားပါတယ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ) ဟာ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ပုဒ်မ ၇၄ နဲ့ တစ်ထပ်တည်းဖြစ်တယ ်ဆိုတဲ့အကြောင်းကို ပူးတွဲကြေညာလိုက်ပါတယ်”
ပုဒ်မ ၅၉ (စ) ဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မလာနိုင်ရေးအတွက် ပိတ်ပင်ထားတဲ့ပုဒ်မလို့ ပြောကြ ပါတယ်။ အဲဒီပုဒ်မမှာ သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်းတွေနဲ့ ပတ်သက်ပြီး သတ်မှတ်ထားရာမှာ မိမိကိုယ်တိုင်၊ မိဘ၊ ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီး တစ်ဦးဦး သို့မဟုတ် သားသမီးတစ်ဦးဦးရဲ့ဇနီး စတဲ့လူပုဂ္ဂိုလ်တွေဟာ နိုင်ငံခြားသားမဖြစ်ရဘူးလို့ ဖေါ်ပြထားပါတယ်။
ဒီဟောပြောပွဲကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ကြတဲ့ ဒေါ်ခင်ဝိုင်းကြည်က ၂၀၁၅ ရွေးကောက်ပွဲ မှာ နိုင်ငံရေးပါတီတစ်ခုကပဲ အများစု အနိုင်ရသွားမယ်ဆိုရင် အရင်ကလိုပဲ အာဏာရှင်စနစ်ကို ဦးတည်သွားမယ် လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်ခင်ဝိုင်းကြည်က ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးရွှေမန်းတို့ကို ရွေးချယ်ရမယ်ဆိုရင် သူရဦးရွှေမန်းကိုပဲ ရွေးချယ်မှာ ဖြစ်ကြောင်းလည်း သတင်းထောက်တွေက မေးမြန်းရာမှာ ဖြေကြားခဲ့ပါတယ်။
အဲဒီလို ရွေးချယ်လိုတာဟာ သူရဦးရွှေမန်းဟာ တပ်မတော်သားတစ်ဦးဖြစ်ကြောင်း တပ်မတော်ဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးခဲ့ပြီးသား ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
RFAသတင်းထောက်ကိုကျော်ထွန်းနိုင်ကောက်နှုတ်တင်ပြထားပါတယ်။