မိုဘိုင်းဖုန်းတွေကို ထက်ဝက်ဈေးနဲ့ ရောင်းချရန် အစိုးရက ခွင့်ပြုခြင်းမရှိသေး

မကြာမီ ဈေးကွက်ထဲ ဖြန့်ချီတော့မယ့် မိုဘိုင်းဖုန်းတွေကို ကျပ်ငွေတစ်သိန်းနှုန်းနဲ့ရောင်းချဖို့ စီစဉ်ထားပေမယ့် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးဘူးလို့ RFA က စုံစမ်းသိရပါတယ်။

2013.01.17

မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုနေတဲ့ ဂျီအက်စ်အမ်၊ စီဒီအမ်အေ စတဲ့ မိုဘိုင်းဖုန်းတွေကို ထက်ဝက်ဈေးနဲ့ ဈေးကွက်ထဲ ဖြန့်ချီဖို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အစိုးရအဖွဲ့ထံ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းက တင်ပြခဲ့တာပါ။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မကြာခင်ရောင်းချမယ့် မိုဘိုင်းဖုန်းတွေနဲ့ ပက်သက်ပြီး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့က ထက်ဝက်လျော့ချပြီး ရောင်းမယ်ဆိုတာ အထက်အဖွဲ့အစည်းတွေကို ဝန်ကြီးဌာနကနေပြီးတော့မှ အစိုးရအဖွဲ့ရုံးတို့ ဘာတို့ကို ဆက်ပြီးတော့တင်ထားတယ်၊ တင်ထားတဲ့အခါမှာ ခွင့်ပြုမိန့်မရသေးဘူး၊ ကျနော်တို့ ဝန်ကြီးဌာနကနေ အပေါ်ကိုတင်လိုက်ပြီ၊ အပေါ်ကဘာကြောင့် ကြန့်ကြာနေသလဲဆိုတာ ကျနော်လည်း မပြောတတ်ဘူး၊ အရင်တုန်းက မကြာဘူးဗျ"

မိုဘိုင်းဖုန်းတွေကို အစိုးရနဲ့နီးစပ်တဲ့ ဦးတေဇပိုင် အီလိုက်(Elite)၊ ဦးထွန်းမြင့်နိုင်ပိုင် အေးရှားမီဂါလင့်(Asia Mega Link)၊ ဦးနေအောင်ပိုင် အိုင်ဂျီအီး(IGE) စတဲ့ ကုမ္မဏီ ၁၃ခုကနေတဆင့် ဖြန့်ချီမယ်လို့သိရပါတယ်။

ဈေးကွက်ထဲဖြန့်ချီမယ့် မိုဘိုင်းဖုန်းတွေရဲ့ဈေးနှုန်းကို အစိုးရရောင်းဈေးနဲ့ တသတ်မှတ်တည်းဖြစ်ဖို့အတွက် ဆက်သွယ်ရေးဝန်ကြီးဌာနက မိုဘိုင်းဖုန်းရောင်းချမယ့်ကုမ္မဏီတွေကို ခေါ်ယူဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ စီမံကိန်းအရ ၂၀၁၁-၁၂ မှာ မိုဘိုင်းဖုန်း ၄သန်း၊ ၂၀၁၂-၁၃ မှာ ၅သန်း စသည်ဖြင့် နှစ်အလိုက်ရောင်းချသွားဖို့ရှိတဲ့အပြင် မိုဘိုင်းဖုန်းတွေရဲ့ဈေးနှုန်းတွေကိုလည်း တဖြည်းဖြည်းချင်းလျော့ချဖို့ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။