စားပွဲထိုးကလေးတွေအတွက် ပညာသင်ကြားရေး အစီအစဉ်သစ် စတင်မည်


2014.01.18
child_labor_brick_305px.jpg ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေသော ကလေးအလုပ်သမားတစ်ဦးကို မြင်ရစဉ်
Photo: AFP

မြန်မာ ရွေ့လျားပညာရေး အဖွဲ့က ဦးဆောင်ပြီး ရန်ကုန်မြို့ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးလုပ်နေကြတဲ့ ကလေးတွေကို လက်ဖက်ရည်ဆိုင်တွေအထိ သွားရောက်ပြီး စာသင်ကြားပေးမယ်လို့ သိရပါတယ်။

ကလေးတိုင်း စာသင်ကြားနိုင်တဲ့ အခွင့်အရေး ရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေ့လျားစာသင်ကားကို အသုံးပြုပြီး လက်ဖက်ရည်ဆိုင်တွေအထိ လိုက်လံသင်ကြားပေးမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့ Royal Garden ခန်းမမှာ ဒီကနေ့ကျင်းပ တဲ့ မြန်မာရွှေ့လျားပညာရေးအဖွဲ့ရဲ့ မိတ်ဆက်ပွဲ အခမ်းအနားမှာ ဌာနေဒါရိုက်တာ ဒေါ်ဆွေဇင်ထိုက် က ပြောပါတယ်။

“စာသင်ခန်းကို မသွားနိုင်တဲ့လူတွေ စာသင်ခန်းက လူတွေဆီကိုသွားမယ်၊ စာသင်ခန်းကိုရောက်အောင် ပို့ပေးလိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်၊ ကလေးတိုင်း ကလေးတိုင်းမှာ စာသင်ကြဖို့အတွက် အခွင့်အရေးရှိပါတယ်၊ ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးနေရတဲ့ လ္ဘက်ရည်ဆိုင်မှာ အလုပ်လုပ်နေရတဲ့ ကလေးတွေအတွက် ရည်ရွယ်ပြီးတော့လုပ်တာ ဖြစ်ပါတယ်”

ရွှေ့လျားစာသင်ကားကို အသုံးပြုပြီး ၁ ရက်မှာ ၂ နာရီကြာ စာသင်ကြားပေးနေတာ အခုဆိုရင် ကျောင်းသား ၁၂၀ ကျော် ရှိနေပြီလို့လည်း သိရပါတယ်။

ကလေးတွေကို စာသင်ကြားတဲ့အခါမှာ အဆင့် ၁၊ ၂၊ ၃ ဆိုတဲ့ အုပ်စုသုံးစုခွဲပြီး မြန်မာနိုင်ငံက ထုတ်ပြန်ထားတဲ့ ကျောင်းပြင်ပ သင်ရိုးညွန်းတမ်းတွေအပြင် နိုင်ငံတကာမှာ သင်ကြားနေတဲ့ နည်းစနစ်တွေကို အသုံးပြုသင်ကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။