ဦးမိုးသီးဇွန်၊ ဦးထွန်းအောင်ကျော်၊ ဦးကိုကိုလေး၊ ဦးမူးသာ၊ ဦးရင်အေး၊ ဦးကိုကိုအောင်တို့က မြန်မာနိုင်ငံကို လာရောက်ရတဲ့ အကြောင်းရင်းကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားခဲ့ကြတာပါ။
ဒီသတင်းစာ ရှင်းလင်းပွဲမှာ ဦးမိုးသီးဇွန်က သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသားတွေကို ကူညီဖို့ မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဦးမိုးသီးဇွန်တို့အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၁ ရက်ကြာ နေထိုင်မှာဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်တို့နဲ့ တွေ့ဆုံဖို့ ခွင့်တောင်းထားကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေ၊ တိုင်းပြည် ပြန်လည် ထူထောင်ရေး ကိစ္စတွေ ဆွေးနွေးသွားဖို့ ရှိကြောင်း ပြောပါတယ်။
ဒါ့အပြင် ABSDF ကျောင်းသား တပ်မတော် မြောက်ပိုင်း ဒေသမှာ သေဆုံးသွားခဲ့ကြတဲ့ ကျောင်းသားတွေအတွက် ဂုဏ်ပြု အခမ်းအနား လုပ်ပေးဖို့ ရှိသလို သူတို့ရဲ့ မိသားစုတွေနဲ့လည်း တွေ့ဆုံအားပေးဖို့ ရှိတယ်လို့ သိရပါတယ်။