ပါတီကူးပြောင်းသူ မိုးမောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တိုင်ကြားခံရ


2015.04.18

ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမြမောင်ဟာ ကျားခေါင်း ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို ကူးပြောင်းလိုက်တာကြောင့် သူ့ရဲ့ မဲဆန္ဒနယ် မိုးမောက်မြို့နယ်က ဒေသခံ ၉ဝဝ လောက်က စုပေါင်းလက်မှတ်ရေးထိုးပြီး အမတ်အဖြစ်ကနေ ရုပ်သိမ်းပေး ဖို့   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားထားပါတယ်။

ကျားဖြူပါတီခေါင်းဆောင်တွေထံ အကြောင်းကြားမှုမရှိဘဲ ပါတီကူးပြောင်းသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်တန်းထားတယ်လို့ သိရကြောင်း အဲ့ဒီလိုအချက်နဲ့ တိုင်တန်းထားတာဆိုရင် မဟုတ်မှန်ကြောင်း တိုင်တန်းခံရသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမြမောင်က ပြောပါတယ်။

"ဘာလို့လည်းဆိုတော့ ကျနော်ထွက်တာကြာပြီလေ၊ အမှန်တကယ်ပြောရမယ်ဆိုရင်တော့ ထွက်တာနှစ်စကတည်းက ကြာပါပြီ၊ အခုမှပဲ တရားဝင်ထွက်တာပါ၊ ထွက်တာက နိုဝင်ဘာလ ၂ဝ ရက်တစ်ကြိမ် ၃ဝ ရက် တစ်ကြိမ်ပေါ့လေ၊ ရွေးကောက်ပွဲကော်မရှင်ကို၊ ပါတီဌာနချုပ်ကို တစ်ခါ၊ ခွဲပြီးတော့မှတစ်ခါ တစ်လအတွင်းထဲမှာပေါ့နော် တရားဝင်တင်တယ်၊ ကျနော်ထွက်ပြီးတော့ ၃ လကြာပြီးတော့တဲ့အခါကျမှ သူတို့ကပြန်ပြီၤးတော့ သူတို့ကိုမပြောဘဲနဲ့ ပါတီကူးသွားတယ်ဆိုတဲ့ စကားတော့ဒါဟာ အင်မတန်မှ ဟိုဟာဖြစ်တဲ့စကားပါ၊ ကျနော် ထွက်တာ ၃ လကြာမှ ကျနော်ကူးသွားတာလေ၊ အဲ့ဒါပြောစရာအကြောင်းလည်း ဘာမှမရှိဘူးလို့ ကျနော်ထင်တယ်"

ဦးစိုင်းမြမောင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်မှာ ရွေးကောက်ပွဲကော်မရှင်နဲ့ ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီထံ ပါတီကနေ နှုတ်ထွက်ကြောင်း တရားဝင်အကြောင်းကြားစာ ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ကျားဖြူပါတီကနေ နှုတ်ထွက်ပြီး ၃ လအကြာ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကျားခေါင်းပါတီထံ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဦးစိုင်းမြမောင်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ပြန်ရုပ်သိမ်းဖို့တောင်းဆိုထားတဲ့ မိုးမောက်မဲဆန္ဒနယ် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၉ ရွေးကောက်တင်မြှောက်ခြင်း အပိုဒ်ခွဲအရ ဆိုရင်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ပါတီပြောင်းတဲ့အတွက် မဲဆန္ဒနယ်ကတိုင်တန်းပြီး အမတ်အဖြစ်ကနေ ရုပ်သိမ်းပိုင်ခွင့်မရှိဘူးလို့ သိရပါတယ်။

တိုင်တန်းခံရသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမြမောင်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။