မွန်တိုင်းရင်းသား လူဦးရေ စာရင်း မှန်မှန်ကန်ကန် ပြုစုနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရန်ကုန်တိုင်းအတွင်း နေထိုင်ကြ တဲ့ မွန်တိုင်းရင်းသား စာရင်းကို အခု ဇူလိုင်လက စပြီး လာမယ့် ဒီဇင်ဘာလအထိ သန်းခေါင်စာရင်း ကောက်ယူ သွားမယ်လို့ မွန်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။
ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ မွန်တိုင်းရင်းသားတွေနဲ့ မွန်လူမှုအဖွဲ့အစည်းတွေပါဝင်တဲ့ ဆွေးနွေးပွဲတစ်ရပ် ကို တနင်္ဂနွေနေ့က ကျင်းပခဲ့ပြီး လူဦးရေစာရင်းကောက်ယူဖို့အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပါတယ်။
နိုင်ငံတွင်းမှာ မွန်တိုင်းရင်းသားဦးရေစာရင်း အမှန်ရရှိရေးအတွက်ကလွဲပြီး တခြားရည်ရွယ်ချက်မရှိကြောင်း အဲဒီ ကော်မတီမှာပါဝင်တဲ့ ဒေါ်မိကွန်ကွန်ချစ် က ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA ကို ပြောပါတယ်။
မွန်တိုင်းရင်းသား ဦးရေ စာရင်း အမှန်အကန် မရှိခဲ့တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ တိုင်းဒေသကြီး ဆိုင်ရာ တိုင်းရင်းသား ရေးရာဝန်ကြီးတွေ ရွေးချယ်ခံခွင့် ရံှုးနိမ့်ခဲ့ရတယ်လို့ ဆွေးနွေးပွဲ တက်ရောက်လာသူတွေက ဆိုပါတယ်။
မွန်လူမှုအဖွဲ့အစည်းတွေ အနေနဲ့ အခုလို လူဦးရေ စာရင်းမှန်မှန်ကန် ကောက်ယူနိုင်ဖို့အတွက် ဌာနဆိုင်ရာ အသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။