မြန်မာအစိုးရက၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက်တချို့ ပြန်လည်ပြင်ဆင်ပေးခဲ့တာနဲ့ နိုင်ငံရေးအကျဉ်းသား အတော်များများကို အစိုးရက ပြန်လွှတ်ပေးခဲ့တာတွေအပေါ် အခြေခံပြီး ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို ဝင်ပြိုင်နိုင်ဖို့အတွက် မွန်အမျိုးသား ဒီမိုကရေစီပါတီကို မှတ်ပုံတင်ဖို့ စဉ်းစားရတာဖြစ်ကြောင်း MNDFပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ မွန်အမျိုးသား ဒီမိုကရေစီပါတီ (MNDF)နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP) (၂)ပါတီရှိပြီး၊ ဒီ(၂)ပါတီကို တပါတီထဲ အဖြစ်ပူးပေါင်းဖို့ မွန်ဒေသခံတွေက တိုက်တွန်းနေကြပါတယ်။
(၂)ပါတီ ပူးပေါင်းရေးကို ပါတီခေါင်းဆောင်တွေ ဆွေးနွေးနေဆဲဖြစ်ပြီး ပူးပေါင်းဖြစ်မယ်ဆိုရင် ပါတီအတွက် နာမည် အသစ်တခု ရွေးမှာဖြစ်ကြောင်း ဒေါက်တာမင်းစိုးလင်းက RFAကို ပြောပါတယ်။