အားကစားကွင်း ပြန်ရဖို့ မွန်ဒေသခံတွေ ဆန္ဒပြ

မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမကျေးရွာအုပ်စု၊ ကော့စိုင်ကျေးရွာပိုင် မြေ ၃ ဧကပေါ်မှာရှိတဲ့ အားကစား ကွင်းမြေနေရာမှာ လယ်မြေပိုင်ဆိုင်ခွင့် အမည်ပေါက်ပုံစံ (၇) ထုတ်ပေးခဲ့တာကို မကျေနပ်လို့ ဒေသခံ ၁ဝဝ လောက်က ဒီနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက ပုံစံ (၇) ထုတ်ပေးခဲ့တာကြောင့် အားကစားကွင်း ပြန်လည်ရရှိရေးအတွက် ဆန္ဒပြတာလို့ ကော့စိုင်ကျေးရွာသား ဦးကိုကိုအောင်က ပြောပါတယ်။

"ရပ်ရွာတိုးချဲ့တော့ အားကစားကွင်းအတွက် လဲလိုက်တယ်၊ အဲ့တုန်းက ကာလပေါက်ဈေးက လယ်တစ်ဧက ကို ၅ဝဝ နှုန်း၊ ကျွန်းတစ်ဧကို ၅ဝဝဝ နှုန်း၊ အဲ့ဒါနဲ့ အညီအမျှ လဲပေးပြီးသွားပြီ၊ နောက်မြေအစားပေးမယ် ဆိုပြီးတော့ သူတို့က မြို့နယ်မြေစာရင်းနဲ့ သွားပေါင်းပြီးတော့ ပြည်သူတွေ ကန့်ကွက်တဲ့ကြားက ပုံစံ (၇) ထုတ်ပေးဖို့လုပ်နေ တယ်၊ ကျနော်တို့ အဓိကလိုချင်တာက အားကစားကွင်း ပြန်လည်ရရှိရေးနဲ့ ပုံစံ(၇)ကို ဖျက်သိမ်းပေးရေးအတွက် ဆန္ဒပြတာပါ"

ကော့စိုင်ကျေးရွာသားတွေဟာ ရန်ကုန်-မော်လမြိုင် ကားလမ်းမအတိုင်း မုတ္တမကျေးရွာတလျှောက် အားကစားကွင်း ပြန်လည်ရရှိရေး၊ မြို့နယ်မြေစာရင်းက ထုတ်ပေးထားတဲ့ ပုံစံ (၇) ပြန်လည်ဖျက်သိမ်းပေး ဆိုတဲ့ ဗီနိုင်းတွေ ကိုင်ကာ ကြွေးကြော်ပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီအားကစားကွင်းကို ကော့ဆိုင်ရွာတိုးချဲ့စဉ်က အားကစားကွင်းအတွက် မြေ ၃ ဧကကို ဒေသခံ ရွာသားတွေက ဝယ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်မှာ မြို့နယ်မြေစာရင်းက အဲ့ဒီရွာက လုပ်ငန်းရှင် တစ်ဦးကို လယ်မြေပိုင်ဆိုင်ခွင့် ပုံစံ (၇) ထုတ်ပေးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။