ဒီကနေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားတွေကို မွန်ပြည်နယ် အတွင်းက မြို့နယ်အတော်များများမှာ ကျင်းပခဲ့ပါတယ်။
မွန်ပြည်နယ် မုဒုံ၊ ကမာဝက်၊ ရေး၊ ပေါင်စတဲ့ မြို့နယ်တွေမှာ ကျင်းပခဲ့ပြီး မုဒုံမြို့နယ် ဝင်းစိန်တောရကျောင်းတိုက်မှာ ကျင်းပတဲ့အခမ်းအနားကိုတော့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီက ခေါင်းဆောင်တွေ၊ မွန်နိုင်ငံရေးပါတီတွေက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။ ဝင်းစိန်တောရအခမ်းနားကို ဦးဆောင်ကျင်းပသူ ဆရာတော် မွန်အရှင် ဥက္ကံသက RFA ကို ခုလို မိန့်ကြားပါတယ်။
"မွန်လူငယ်တွေ၊ မွန်ပြည်သူလူထုတွေ မွန်တော်လှန်ရေးနေ့သမိုင်းကို သိရှိဖို့အတွက် မွန်ခေါင်းဆောင်တွေရဲ့ အတ္ထု ပတ္တိသမိုင်းတွေကိုလည်း သိရှိဖို့လိုအပ်တယ်၊ အရေးလည်းကြီးတယ်၊ မပြီးဆုံးသေးတဲ့ တော်လှန်ရေးမှာ မွန်ပြည်သူလူထုတွေပေါ့နော် ဒါသိရှိပြီးတော့ သမိုင်းပေးတာဝန်အရ မိမိရဲ့လူမျုးိကံကြမ္မာကို မိမိဖန်တီးဖို့ လူငယ်တွေနားလည်သိရှိဖို့အတွက် ရည်ရွယ်ပြီး ဒီအခမ်းအနားကို ပြုလုပ်ခြင်းဖြစ်ပါတယ်"
ဝင်းစိန်တောရ မွန်တော်လှန်ရေးနေ့ အခမ်းအနား တက်ရောက်လာသူတွေက ကွယ်လွန်သူ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ရွှေကျင်နဲ့ နိုင်ထိန်တို့ရဲ့ အုတ်ဂူတွေနဲ့ တခြားမွန်တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ အုတ်ဂူတွေကို သွားရောက်ဂါရဝပြုခဲ့ကြပါတယ်။
၁၉၄၈ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၁ဝ ခုနှစ် ဝါခေါင်လပြည့်နေ့မှာ မွန်တိုင်းရင်းသား ကာကွယ်ရေးအဖွဲ့ MNDO က ကရင်ပြည်နယ် ဇာသပြင်ဒေသကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့နေ့ကိုအစွဲပြုပြီး မွန်တော်လှန်ရေးနေ့ကို သတ်မှတ်ထားတာလို့ ပြောပါတယ်။
ဒီအတောအတွင်း ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့က မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားတဲ့ ဂျပန်ရေတွင်းရပ်ကွက်မှာလည်း ၆၆ နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို စစ်ရေးပြအခမ်းအနားနဲ့ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနား ကျင်းပရတဲ့ရည်ရွယ်ချက်ကို မွန်ပြည်သစ်ပါတီ စစ်ရေးနိုင်ငံရေး မဟာဗျူဟာဌာနမှူး ဗိုလ်မှူး နိုင်သီရိမွန်ချမ်းက အခုလို ပြောပါတယ်။
"ကျနော်တို့ ဟိုး ၆၆ နှစ်ကတည်းက စလာခဲ့တဲ့ မွန်တော်လှန်ရေးနေ့ပေါ့နော်၊ အဲ့မှာ ကျန်ရှိနေကြတဲ့ ကျနော်တို့ ရဲဘော်တွေ ပြည်သူ ပြည်သားတွေပေါ့၊ နောက် မွန်ပြည်သူပြည်သားတွေအားလုံး ဒီလိုမျိုး မွန်တော်လှန်ရေး စိတ်ဓာတ် မပျောက်ပြယ်သွားအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့ လုပ်တယ်လေ၊ မနက်ပိုင်းမှာပဲ ကျနော်တို့ စစ်ရေးပြအခမ်းအနားနဲ့ မွန်တော်လှန်ရေး အခမ်းအနား၊ နေ့လည်ပိုင်းမှာကြတော့ ပျော်ပွဲရွှင်ပွဲအနေနဲ့တော့ ညနေပိုင်းမှာကြတော့ ဘော့လုံးကန်တာတို့ အဲ့လိုမျိုး လုပ်တယ်လေ"
အခမ်းအနားမှာ မွန်ပြည်သစ်ပါတီဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားပေမယ့် တော်လှန်ရေးဟာ မပြီးဆုံးသေးဘူးဆိုတဲ့ အကြောင်းတွေကိုလည်း မွန်ပြည်သူတွေနဲ့ ဒေသခံတွေကို အသိပေးပြောကြားခဲ့တယ်လို့ ဗိုလ်မှူး နိုင်သီရိမွန်ချမ်းက ပြောပါတယ်။
မွန်တော်လှန်ရေးကာလအတွင်း ကျဆုံးသွားတဲ့ အာဇာနည် ရဲဘော်တွေအတွက်လည်း ဘုန်းတော်ကြီးကျောင်းမှာ ဆွမ်းကပ်လှူဒါန်းခဲ့ပြီး ဒီအခမ်းအနားကို အစိုးရတာဝန်ရှိသူတွေ၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေနဲ့ ဒေသခံပြည်သူ ၄ဝဝ ခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။