တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးနိုင်တာကို ကြိုဆိုထောက်ခံကြောင်း မွန်ပြည်နယ် မုဒုံမြို့မှာ ဒေသခံ တစ်ထောင်ကျော်က ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။
အဲဒီ့ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့တဲ့ မြို့ခံ ဦးထိန်ဝင်းက ငြိမ်းချမ်းရေးရရှိဖို့အတွက် အရေးကြီးတဲ့ အပစ်ခတ်ရပ် စဲရေးကို စတင်အကောင်အထည်ဖော်နိုင်တာကို ပြည် သူတွေအနေနဲ့ ထောက်ခံကြောင်း ပြသတာဖြစ်တယ် လို့ ပြောပါတယ်။
"ကျနော်တို့က တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ပေါ့ဗျာ၊ အဲဒီ့စာချုပ်ချုပ် ဆိုနိုင် တဲ့အတွက် ထောက်ခံတယ်ဆိုတဲ့အကြောင်း ဆန္ဒဖော်ထုတ်တာပေါ့ဗျာ၊ ဒီသဘောတူစာချုပ် ကနေပြီးတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲတဲ့ စာချုပ်ကို နှစ်ဦး နှစ်ဖက်ရေးထိုးဖို့အတွက် ကျနော်တို့က ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်၊ တစ်နိုင်ငံ လုံးနဲ့ တစ်မျိုးသားလုံးအတွက်ငြိမ်းချမ်းရေးရရင် ကျနော်တို့နိုင်ငံအတွက် ကောင်းမယ်၊ ငြိမ်းချမ်းရေးနဲ့ အတူ တည်ငြိမ်မှုတွေရှိလာမယ်၊ ဖွံ့ဖြိုးတိုးတက်မှုတွေရလာမယ်၊ ကျနော် တို့ကအင်မတန်လိုလားလို့ ဆန္ဒထုတ်ဖော် တာပါ"
အဲဒီ့ဆန္ဒဖော်ထုတ်ပွဲကို မုဒုံမြို့ပေါ် ရပ်ကွက် လေးခုနဲ့ ဘဲရမ်း၊ ကျုံဖိုက်၊ ဝက်သဲ စတဲ့ ကျေးရွာ ခုနှစ်ရွာလောက် က ဒေသခံတွေပါဝင် တက်ရောက်ခဲ့ကြပါတယ်။
မွန်ပြည်နယ် သထုံမြို့နဲ့ ကျိုက်မရောမြို့တွေမှာလည်း ဒေသခံတွေက အလားတူ ဆန္ဒဖော်ထုတ်ပွဲတွေကို ဒီနေ့ ပြုလုပ်ခဲ့ ကြပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က နိုင်ငံတော် သမ္မတရှေ့မှာ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
