မွန်နှစ်ပါတီ ပေါင်းစည်းဖို့ နှစ်ဖက်ခေါင်းဆောင် သဘောတူ

မွန်ပြည်နယ်မှာရှိတဲ့ မွန်ဒီမိုကရေစီပါတီ (MDP) နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှစ်ပါတီ တို့ဟာ နာမည်သစ်နဲ့ တစ်ပါတီအဖြစ် ပေါင်းစည်းဖို့ နှစ်ဖက် ပါတီခေါင်းဆောင်တွေ သဘောတူခဲ့ကြပြီလို့ သိရပါတယ်။

မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက်ရှိ သန္တိသုခ ဘုန်းတော်ကြီးကျောင်းမှာ နှစ်ပါတီ ခေါင်းဆောင်တွေ တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာ မွန်ဒီမိုကရေစီ ပါတီက ကိုယ်စားလှယ် ၅ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက ကိုယ်စားလှယ် ၃ ဦးနဲ့ ညှိနှိုင်းရေးအဖွဲ့က မွန်သံဃာတော် ၁၅ ပါး အပါအဝင် မွန်ပြည်သစ်ပါတီ NMSP က တာဝန်ရှိသူ ၂ ဦး ဇူလိုင် ၁၄ ရက်နေ့မှာ တွေ့ခဲ့ကြပြီး မူအားဖြင့် သဘောတူညီခဲ့ကြတာ ဖြစ်တယ်လို့ မွန်ဒီမိုကရေစီပါတီက ဗဟို အလုပ်အမှုဆောင် နိုင်စိုးမြင့်က ပြောပါတယ်။

"ဇူလိုင် ၁၄ ရက်နေ့ကတွေ့တော့ အဲဒီ မူ ၄ ချက်ကို လက်ခံတယ်လို့ ပြောတယ်။ တစ်က နှစ်ပါတီ ပေါင်းစည်းရမယ်။ နှစ်က ပေါင်းစည်းဖို့ တစ်လတစ်ကြိမ် လကွယ်နေ့တွင် တွေ့ရမယ်။ သုံးက ၂၀၁၄ နောက်ဆုံးထားပြီးတော့ ပေါင်းရမယ်။ လေးက ပေါင်းတဲ့အခါကျရင် နာမည်အသစ်တစ်ခုနဲ့ ပေါင်းရမယ်။ မူချတော့ ကျွန်တော်တို့က လောလောဆယ် မြန်မြန်ပေါင်းဖို့ဆိုတော့ သူတို့ဘက်က အဆင်သင့် မဖြစ်သေးတဲ့အပေါ် သူတို့က ၂၀၁၄ အထိ မူချပြီးတော့ လက်မှတ်ထိုးတယ်"

ဒီအချက် ၄ ချက်ကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ နှစ်ပါတီ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့စဉ်က ဆွေးနွေးခဲ့ကြပြီး အခုတစ်ကြိမ်ကျမှ သဘောတူညီမှု ရခဲ့တာလို့ ဆိုပါတယ်။ တစ်ပါတီတည်းအဖြစ် အမြန်ဆုံး ပူးပေါင်းနိုင်ဖို့ မွန်ညှိနှိုင်းရေး သံဃာတော်တွေနဲ့ မွန်ဒီမိုကရေစီပါတီ ခေါင်းဆောင်တွေက ဆက်ပြီး ဆွေးနွေး တိုက်တွန်းခဲ့ရာမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဘက်က အဆင်သင့် မဖြစ်သေးကြောင်း ပြောခဲ့တယ်လို့လည်း နိုင်စိုးမြင့်က ပြောပါတယ်။

"လက်ခံပြီးလို့ ပေါင်းစည်းဖို့ ပုံစံကိုချတော့ ကျွန်တော်တို့ဘက်က တင်ပြတာက နှစ်ပါတီ ပေါင်းစည်းပြီဆိုရင် ဟိုဘက်ကလည်း CEC ၂၁ ယောက်ရှိတယ်။ ကျွန်တော်တို့ မွန်ဒီမိုကရေစီဖက်ကလည်း ၂၁ ယောက်ရှိတယ်။ ပေါင်းလိုက်မယ်။ Meeting ပြန်ထိုင်ပြီးတော့ ရွေးချယ်မှု လုပ်တော့ ဘယ်သူက ဥက္ကဋ္ဌ၊ ဘယ်သူက ဒု ဥက္ကဋ္ဌ၊ ဘယ်သူက အတွင်းရေးမှူး စသဖြင့်ပေါ့၊ သက်ဆိုင်ရာ တာဝန်ခံတွေ ရွေးချယ်မယ်။ အဲလိုပြောတော့ သူတို့ဘက်က အဆင်သင့် မဖြစ်သေးပါဘူးလို့ ပြောတယ်။ သူတို့ ပါတီညီလာခံ ခေါ်ပြီးမှ လုပ်လို့ရမယ်။ ပါတီညီလာခံရဲ့ သဘောထား ကြည့်ရအုံးမယ်လို့ အဲလိုပြောတယ်"

မွန်ဒီမိုကရေစီပါတီ MDP ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ MNDF အမည်နဲ့ ရွေးကောက်ခံခဲ့တဲ့ ပါတီဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလကမှ MDP ပါတီနာမည်သစ်နဲ့ ပြောင်းလဲ မှတ်ပုံတင်ခဲ့တာဖြစ်သလို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ တရားဝင် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

မွန်ပြည်နယ် ပါလီမန်မှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP က အမတ် ၇ ဦး၊ ကရင်ပြည်နယ် လွှတ်တော်မှာ ၂ ဦးနဲ့ ပြည်တောင်စု လွှတ်တော်မှာ ၇ ဦး ရွေးချယ် တင်မြောက်ခံထားရတဲ့ပါတီ တစ်ပါတီ ဖြစ်ပါတယ်။