မြို့သူမြို့သားတွေဟာ မုံရွာမြို့ရှိ စစ်ကိုင်းတိုင်း လျှပ်စစ် အင်ဂျင်နီယာရုံးရှေ့မှာ စတင် လူစုကြပြီး ဖယောင်းတိုင်မီးတွေ ကိုင်ဆောင်ကာ မြို့အတွင်း အချက်အချာကျတဲ့နေရာတွေကို လှည့်လည်ခဲ့ကြတယ်လို့ ပါဝင်ဆန္ဒပြခဲ့တဲ့ မုံရွာမြို့သားတဦးက RFA ကို ပြောပါတယ်။
" ၇ နာရီထိုးလောက်တော့ တိုင်းလျှပ်စစ်အင်ဂျင်နီယာမှူး ရုံးရဲ့ရှေ့မှာလူစုတယ်။ ပထမတော့ အယောက် ၂၀ လောက်ရှိတယ်။ နောက်နာရီဝက်လောက်နေတော့ လူတွေတိုးလာတယ်။ အဲတိုးလာတော့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ တိုင်းလျှပ်စစ်ရုံးကနေ ချီတက်တယ်။ အဲဒီမှာ လူ ၇၀ လောက်ပဲ ရှိသေးတယ်။ ဗိုလ်ချုပ်ကြေးရုပ်နားရောက်တော့ ဖယောင်းတိုင်တွေ ထွန်းပြီးတော့ ပတ်တယ်။ ပတ်တဲ့ အချိန်ကျမှ လူတွေများလာတယ်။ ဗိုလ်ချုပ်ကြေးရုပ်ကနေ ပတ်ပြီးထွက်တဲ့ အချိန်မှာ နာရီစင်ဘက်ကို ဦးတည်ပြီး ထွက်တဲ့ အချိန်မှာ လူတွေက တော်တော့်ကို များလာတယ်။ လူအားလုံး ခန့်မှန်းခြေကတော့ ၁၀၀၀ လောက်ပေါ့ဗျာ။ အဲဒီနာရီစင်ကနေ တိုင်းဒေသကြီး အစိုးရရုံးကနေ တိုင်းလျှပ်စစ်ရုံးရှေ့ကို ပြန်သွားတယ်"
ဆန္ဒပြသူတွေဟာ ည (၉) နာရီခွဲကျော်မှာ ငြိမ်းချမ်းစွာ လူစုခွဲလိုက်ကြပြီး တစုံတရာ အနှောင့်အယှက် မရှိခဲ့ဘူးလို့ သိရပါတယ်။ အသေးစား စက်မှုလုပ်ငန်းတွေပေါတဲ့ မုံရွာမြို့မှာ အခုရက်ပိုင်းအတွင်း လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် စီးပွားရေးကို အတော်ထိခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီလိုဆန္ဒ ထုတ်ဖော်ဖို့အတွက် အသိပေးတဲ့ လက်ကမ်းစာရွက်တွေကို မုံရွာမြို့ခံ လူငယ်တစ်စုက တနင်္လာမနက် (၇) နာရီလောက်မှာ စတင်ပြီး လူစည်ကားတဲ့ နေရာတွေမှာ ဖြန့်ဝေခဲ့ကြောင်းလည်း သိရပါတယ်။
တနင်္ဂနွေနေ့ ညက မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ (၂၄) နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုနောက်ပိုင်း မြန်မာနိုင်ငံက တခြားမြို့ အများအပြားမှာလည်း ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။