တိုင်းမ်မဂ္ဂဇင်း ရေးသားချက် သံဃာ့ညီလာခံ ကန့်ကွက်
2013.06.27
ဇူလိုင်လ ၁ ရက်နေ့ထုတ် ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းမှာ ရေးသားထားတဲ့ The Face of Buddhist Terror ဆိုတဲ့ဆောင်းပါးကို ဒီကနေ့ ရန်ကုန်မြို့မှာကျင်းပတဲ့ သံဃာ့ညီလာခံကြီးကနေ ကန့်ကွက်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ သံဃာတော်တွေ မြှောက်ပင့်ပေးလို့ ဖြစ်ရတာ မဟုတ်သလို မျိုးချစ်စိတ်ပြင်းထန်လွန်းတဲ့ လူငယ်တွေအပေါ်ကိုလည်း သံဃာတော်တွေအနေနဲ့ ငြိမ်းချမ်းအောင် ထိန်းသိမ်းပေးဖို့လိုအပ်ကြောင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အရှင်ဉာဏိဿရက ညီလာခံမှာ မိန့်ကြားခဲ့ပါတယ်။ ဒါ့အပြင် သံဃာ့ညီလာခံကို တက်ရောက်လာကြတဲ့ သံဃာတော်တွေနဲ့ နိုင်ငံတော် သံဃာ့နာယကအဖွဲ့ချုပ် ဆရာတော်တွေ ညီညွတ်ကြဖို့ သီတဂူဆရာတော်က တိုက်တွန်းခဲ့သလို ဗုဒ္ဓဘာသာ ရဟန်းတော်တွေအနေနဲ့ သည်းခံခွင့်လွှတ်ကြဖို့ကိုလည်း မိန့်ကြားခဲ့ပါတယ်။
"သံဃာတော် တစ်ထောင်ကျော်က အစည်းအဝေးမှာ စကားပြောပါဆိုတဲ့ အခွင့်အရေးဟာ ဗမာနိုင်ငံမှာ တစ်ခါမှမရဖူးဘူး၊ ဒီတစ်ခါဘဲ ရဖူးတယ်၊ ရှေးဦးစွာပြောချင်တာက အားလုံးဗုဒ္ဓရဲ့တပည့် သားသံဃာတွေ သည်းခံတော်မူကြပါလို့ ပြောချင်ပါတယ်၊ သည်းခံခြင်းရဲ့နောက်မှာ တဆက်တည်း မရှိမဖြစ်တာက ခွင့်လွှတ်တော်မူကြပါ၊ ဒီနှစ်ချက်၊ အဲဒါကြောင့် ဒီကနေ့ မွတ်စလင်ကလည်း ဘာပြောပြော၊ ခရစ်ယာန်ကလည်း ဘာပြောပြော၊ တိုင်းမ်မဂ္ဂဇင်းက ဘာပြောပြော၊ သည်းခံတော်မူကြပါ၊ သည်းမခံနိုင်ရင် တပည့်တော်တို့ လုပ်ငန်းစဉ်ကြီးတစ်ရပ်လုံးကို အန္တရာယ်ရှိနိုင်တယ်၊ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းကို လိုက်နာကျင့်သုံးကြပါ”
နိုင်ငံတော်သြဝါဒစရိယ ဆရာတော်ကြီးတွေအပါအဝင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က သံဃာတော်တွေ တစ်ထောင်ကျော်တက်ရောက်တဲ့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲ သံဃာ့ညီလာခံမှာ သီတဂူဆရာတော် အရှင်ဉာဏိဿရက အခုလိုသြဝါဒ မိန့်ကြားလိုက်တာဖြစ်ပါတယ်။
ဒါအပြင် မျိုးစောင့်ဥပဒေလို့ခေါ်တဲ့ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေမူကြမ်းကို ဆွေးနွေးခဲ့ကြသလို အဲဒီဥပဒေမူကြမ်းဟာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်တာမဟုတ်ဘူးလို့လည်း တက်ရောက်လာတဲ့ ရှေ့နေတွေက ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
ဓမ္မဒူတ အရှင်ပညာဝရကလည်း "အမျိုးစောင့်ဥပဒေသည် အမျိုးသမီးအခွင့်အရေးကို ဥပမာ အမျိုးသမီးများ နိုင်ငံခြားသား သို့မဟုတ် ဘာသာမတူသူများကို လက်မထပ်ရဟူသော တားဆီးပိတ်ပင်မှုကို ဆွေးနွေးထားခြင်းမဟုတ်ဘဲ ဒီအစည်းအဝေးကြီးရဲ့ မူလရည်ရွယ်ချက်အတိုင်း အမျိုးစောင့်ဥပဒေကို ပီပီပြင်ပြင် ပြဌာန်းထားခြင်းမရှိသေး၍ မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအဖြစ် ရပ်တည်နေရသော မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများရဲ့ ရသင့်ရထိုက်သော အမျိုးသမီးအခွင့်အရေးများ ဆုံးရှုံးနေပါသဖြင့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများအတွက် အမျိုးသမီးအခွင့်အရေးများ မဆုံးရှုံးရအောင် နိုင်ငံတော်သို့ ဥပဒေပြုပေးနိုင်ရင် တင်သွင်းခြင်းသာဖြစ်ကြောင်း အသိပေးလျှောက်ထားရခြင်းပါ"
ဒီသံဃာ့ညီလာခံကို ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းတပ်ဦးကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အရှင်ဉာဏိဿရအပြင်၊ နိုင်ငံတော်သြဝါဒါစရိယ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ၊ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူတို့လည်း တက်ရောက်ခဲ့ကြပါတယ်။