မြန်မာနိုင်ငံမှာ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဖြစ်ရတာဟာ ပဋိပက္ခဖန်တီးလိုသူတွေက သူတို့အကျိုးစီးပွားအတွက် သံဃာတော်တွေရဲ့ မျိုးချစ်စိတ်ထက်သန်မှုကို အသုံးချသွားတာကြောင့်လို့ ရှုမြင်ကြောင်း သာသနာ့ဦးသျှောင်အဖွဲ့ (ထိုင်းနိုင်ငံ)ရဲ့ တာဝန်ခံ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဇဝနက မိန့်ကြားပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က RFA ရုံးချုပ်ကို ကြွရောက်ခဲ့စဉ်မှာ ဆရာတော် ဦးဇဝနက မိန့်ကြားခဲ့တာပါ။
ဒါပေမယ့် ပြည်သူတွေ ဒုက္ခနဲ့ရင်ဆိုင်ရပြီဆိုရင် သံဃာတော်တွေဟာ ခေတ်အဆက်ရှေ့တန်းကနေ မားမား မတ်မတ်ရပ်လေ့ရှိတဲ့ သမိုင်းစဉ်ရှိတာကြောင့်၊ အနာဂတ်မှာလဲ သံဃာတွေဟာ ပြည်သူတွေအတွက်ပဲ နည်းမှန်လမ်းမှန်နဲ့ ရပ်တည်သွားလိမ့်မယ်လို့ယုံကြည်ကြောင်း ဆရာတော်ဦးဇဝနက မိန့်ပါတယ်။
ဦးဇဝနဟာ ၁၉၉၃ ခုနှစ်က သူကျောင်းထိုင်အဖြစ် သီတင်းသုံးရာ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက်မှာ ABSDF ကျောင်းသားတပ်မတော်နဲ့ဆက်စပ်လှုပ်ရှားသူတချို့ တည်းခိုသွားခဲ့တဲ့ကိစ္စအတွက် သေဒဏ်ချမှတ်ခံခဲ့ရပြီး အင်းစိန်ထောင်၊ သာယာဝတီထောင်နဲ့ တောင်ငူထောင်တွေမှာ အကျဉ်းသားအဖြစ် ၁၆ နှစ်ကျော် သီတင်းသုံးခဲ့ရပါတယ်။
ထောင်ကနေပြန်လွတ်လာခဲ့တဲ့အခါ ပြည်တွင်းမှာ သံဃာဘဝနဲ့ ဆက်လက်နေထိုင်ခွင့်မရတဲ့အတွက် ထိုင်း-မြန်မာနယ်စပ်ကို ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။
သာသနာ့ဦးသျှောင်အဖွဲ့ ထိုင်းနိုင်ငံရဲ့ တာဝန်ခံ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဦးဇဝနကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့က RFA ရုံးချုပ်မှာ ကိုနေရိန်ကျော် တွေ့ဆုံလျှောက်ထား မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။