ဥက္ကံမြို့က မူဆလင် ဒုက္ခသည်တွေကို သံဃာတော်တွေ သွားရောက်ကူညီ

0:00 / 0:00

ရန်ကုန်တိုင်း ဥက္ကံမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေရတဲ့ မူဆလင်ဒုက္ခသည်တွေကို ရွှေဝါရောင်သံဃာ့အဖွဲ့က စားနပ်ရိက္ခာတွေကို မနေ့က သွားရောက်ပေးလှူခဲ့ပြီး ဒီနေ့မှာတော့ သောက်သုံးရေရဖို့ ရေတွင်းတွေ တူးပေးလိုက်တယ်လို့ သိရပါတယ်။

အဲဒီမှာ ပျက်စီးသွားတဲ့ ကျေးရွာ ၄ ရွာက လူဦးရေ ၅ ရာကျော်အတွက် စုစုပေါင်း သိန်း ၇၀ ဖိုးလောက် ကူညီပေးလိုက်တယ်လို့ ရွှေဝါရောင်သံဃာ့ အဖွဲ့ ခေါင်းဆောင် အရှင်ပဏ္ဍဝံသက RFA ကို မိန့်ကြားပါတယ်။

"ရွာထဲကိုအရောက်သွားပြီး ရာအိမ်မှူးတွေ ဆယ်အိမ်မှူးတွေကိုခေါ်ပြီး လူဦးရေဘယ်လောက်လဲ၊ ဘယ်ရွာကဘယ်နှစ်ဦး၊ ဘယ်နှစ်အိမ် မီးလောင်တယ်၊ အဲ့ဒီကနေပြီးတော့ အိမ်ရာခင်းတွေလည်းပါတယ်၊ မိုးရုတ်တရက် ရွာလာလို့ရှိရင်လည်း အရေးပေါ်တဲထိုးလို့ရအောင် တာလပတ် ၁ဝ ထုတ်လောက်ကိုလည်း ယူသွားတယ်၊ အဲဒါကိုလည်း ရွာကိုမျှပြီးပေးခဲ့တယ်ပေါ့၊ လောလောဆယ် အဓိကပြဿနာကတော့ ရေမရတာပေါ့နော်၊ အဲဒါနဲ့ မနေ့ကရေတွင်းတူးခိုင်းတာ တူးလို့ပြီးပြီလို့ အကျိုးဆောင်တွေက လှမ်းပြောတယ်၊ အခုညနေခင်းတော့ သောက်ရေရပြီလို့ပြောတယ်"

လောလောဆယ်မှာ ဒုက္ခသည်တွေအတွက် အမိုးအကာတွေ လိုအပ်နေပြီး၊ ကျန်းမာရေးနဲ့ ပတ်သက်လို့တော့ BG သွေးကူညီရေးအဖွဲ့က စောင့်ရှောက်ပေးတယ်လို့ သိရပါတယ်။

ဥက္ကံမြို့က ဒုက္ခသည်တွေကို သွားရောက်ကူညီခဲ့တဲ့ ရွှေဝါရောင်သံဃာ့အဖွဲ့ခေါင်းဆောင် အရှင် ပဏ္ဍဝံသကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။