ပြည်သူတွေ စဉ်းစားဖို့ ရွှေဝါရောင် သံဃာတော်တွေ တိုက်တွန်း

0:00 / 0:00

လက်ရှိမြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အများပြည်သူတွေ ခေါင်းအေးအေးနဲ့ စဉ်းစားဆင်ခြင်သုံးသပ်ဖို့ တိုက်တွန်းထားတဲ့ ရွှေဝါရောင်သံဃာတော်တွေက ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ရခိုင်အရေးအခင်း၊ လက်ပံတောင်းတောင်ပဋိပက္ခ၊ ကချင်ပြည်တွင်း အပစ်အခတ်တွေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ မိတ္တီလာ ပဋိပက္ခတွေဟာ ဘာသာရေး၊ လူမှုရေးကိစ္စတွေအနေနဲ့ မတွေးပဲ အားလုံးညီညီညွှတ်ညွှတ်နဲ့ နေထိုင်ကြစေလိုတဲ့အတွက် အခုလိုကြေညာချက်ထုတ်ပြန် ပြောကြားခဲ့တာ ဖြစ်တယ်လို့ ရွှေဝါရောင်သံဃာတော်များကွန်ရက်က ရွှေဝါရောင်ပညာဒါနကျောင်း ဆရာတော်အရှင်သြဘာသက RFA ကို မိန့်ကြားခဲ့ပါတယ်။

"ဒီကနေ့ထုတ်တဲ့ ကြေညာချက်က လက်တလောမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေကို ခေါင်းအေးအေးနဲ့ စဉ်းစားပြီးတော့ သုံးသပ်ဖို့ဟာတွေကို အများပြည်သူတွေဆီကို ကြေညာချက်တစ်ခုထုတ်ပြီးတော့ အသိပေးလိုက်တာပါ၊ နောက်တစ်ခုက ပြီးခဲ့တဲ့နှစ် ဇွန်လပေါ့ဗျာ စလာတဲ့ ရခိုင်အရေးအခင်း၊ ကချင်ပြည်နယ်မှာ စစ်ဖြစ်နေတဲ့အရေး၊ လက်ပံတောင်းတောင်မှာ ဖြစ်နေတဲ့အရေး၊ နောက်ခု မိတ္ထီလာမှာဖြစ်နေတဲ့အရေးတွေ အားလုံးကိုခြုံပြီးတော့ သုံးသပ်မယ်ဆိုရင် ရဟန်းရယ်၊ သံဃာရယ်၊ လူရယ်ကိုမခွဲခြားပဲနဲ့ တစ်ယောက်နဲ့ တစ်ယောက်က အပြန်အလှန်နားလည်မှုပေးပြီး တစ်ယောက်နဲ့တစ်ယောက် ညီညီညွှတ်ညွှတ်နဲ့နေမယ်ဆိုရင် ဒီပြဿနာတွေက ဘာမှဖြစ်စရာမရှိဘူး"

ဒါ့အပြင် ပြည်တွင်းမှာမကြာခဏပေါ်ပေါက်နေတဲ့ပဋိပက္ခတွေဟာအမြတ်ထုတ်လိုတဲ့လူတစ်စုရဲ့အကွက်ဆင် ထောင်ချောက်တွေကြောင့်သာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး ဘာသာရေး၊ လူမျိုးရေးကို ခုတုံးလုပ်ပြီး ပဋိပက္ခဖြစ်အောင် ဖန်တီးလှုံ့ဆော်နေမှုတွေကို မယုံကြည်ကြဖို့ အများပြည်သူအားလုံးသတိထားဖို့ကိုလည်း ကြေညာချက်ထဲမှာ သတိပေးဖော်ပြထားပါတယ်။

ဒီအတောအတွင်း အမေရိကန်သံရုံးအနေနဲ့လည်း မိထ္ထီလာမြို့နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ အိုးအိမ်ပျက်စီးမှုတွေ အပါအဝင် အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးသွားသူတွေရဲ့ မိသားစုတွေအတွက်လည်း များစွာစိုးရိမ်ပူပန်မိတဲ့အကြောင်းနဲ့ ဒီဖြစ်ရပ်တွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့အကြောင်း ကြေညာချက်တစ်ရက်ကို ဒီကနေ့နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

တဆက်တည်းမှာလည်း ဒီကနေ့ မိတ္ထီလာမြို့ကို သွားရောက်ပြီး ကူညီရေးတွေဆောင်ရွက်ခဲ့တဲ့ ရန်ကုန်မြို့က ရွှေညဝါဆရာတော် ဦးပညာသီဟကို ရန်ကုန်မပြန်ခင် လေဆိပ်မှာ RFA က မခင်ခင်အိက ဆက်သွယ်မေးမြန်း လျှောက်ထားခဲ့တာကိုလည်း နားဆင်နိုင်ပါတယ်။