ရွေးကောက်ပွဲ အသိအမှတ်မပြုရေး နယူးဇီလန်အမတ်များကို မြန်မာဆရာတော် တိုက်တွန်း

နယူးဇီလန်နိုင်ငံမှာ သီတင်းသုံးတဲ့ ဆရာတော်တပါးဟာ နယူးဇီလန်ပါလီမန် အမတ်တွေနဲ့ တွေ့ဆုံပြီး လာမဲ့ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

နယူးဇီလန် Acukland မြို့မှာ သီတင်းသုံးတဲ့ ဆရာတော် အရှင်သြဘာသဟာ အောက်တိုဘာ ၁၃ ရက်နေ့ ည ၆ နာရီကနေ ၇ နာရီခွဲအထိ နယူးဇီလန် လက်ရှိအစိုးရ အမတ်တဦးအပါအဝင် အတိုက်အခံပါတီက အမတ် ၂ ဦး နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံခဲ့ရာမှာ ဆရာတော် တောင်းဆိုခဲ့တာက - နယူးဇီလန်နိုင်ငံ အပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံက ခေါင်းဆောင်တွေအနေနဲ့ စစ်အစိုးရက ဖမ်းဆီးထားတဲ့ သံဃာတော်တွေကို ပြန်လွှတ်ပေးရေး၊ လာမဲ့ ရွေးကောက်ပွဲက ထွက်လာတဲ့ အစိုးရကို အသိအမှတ် မပြုရေး တို့ကို တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် လာမဲ့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလထဲမှာ အာဆီယံ ထိပ်သီး အစည်းအဝေးကို နယူးဇီလန်နိုင်ငံ ဝယ်လင်တန်မြို့မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် အဲဒီအစည်းအဝေးမှာ အကျဉ်းကျနေတဲ့ သံဃာတော်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် နယူးဇီလန်အစိုးရက တရားဝင် တောင်းဆိုပေးဖို့ ဆွေးနွေးခဲ့တယ်လို့ ဆရာတော် ဦးသြဘာသက မိန့်ပါတယ်။

“တောင်းဆိုချက် သုံးချက်က ဦးဇင်းတို့ ဒီ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ နောက်ပြီးတဲ့အခါကျတော့ ယခု လက်ရှိ ပြုလုပ်မယ့် ဒီ election ကိစ္စကို ဘယ်လိုပဲ ဖြစ်ဖြစ်၊ အင်တာနေရှင်နယ်အနေဖြင့် ဦးဇင်းတို့ ဒါ ကန့်ကွက်သွားဖို့ မြန်မာပြည်သူ ပြည်သားတွေနဲ့ အတူ ကန့်ကွက်သွားဖို့ ဆိုတော့ ဦးဇင်းတို့ ဒါ တောင်းဆိုတာ ရှိပါတယ်။ အာဆီယံ ထိပ်သီး ညီလာခံနဲ့ ပတ်သက်လို့ကတော့ ခုလာမယ့် အာဆီယံ စည်းဝေးပွဲမှာ ဒီ နယူးဇီလန် အစိုးရအနေဖြင့် အဓိက နေရာက ပါဝင်ဆောင်ရွက်မှာလို့ ဆိုတဲ့အခါကျတော့ ဒီ ဦးဇင်းတို့ ဖြစ်ချင်တဲ့ ဦးဇင်းတို့ ပြည်သူပြည်သားတွေရဲ့ ဆန္ဒ သဘောတရားကို အာဆီယံထဲမှာ အဓိက message ပေးဖို့ အစိုးရကို ဖိအားပေးဖို့ ဦးဇင်းတို့ အဲဒါတွေကို တောင်းဆိုတာပါ။”

နယူးဇီလန် ပါလီမန်ဟာလည်း လာမဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ ဆက်နွယ်တဲ့ စီးပွားရေးသမားတွေ အပါအဝင် စုစုပေါင်း ၄၈၀ ကို သြစတေးလျနဲ့ နယူးဇီလန်နိုင်ငံတွေကို ဝင်ရောက်ခွင့် ဗီဇာ ပိတ်ပင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။