သံဃာ ဦးစီးတဲ့ အကသင်တန်း

ဦးဣဒ္ဓိပါလ အမည်ရှိ သံဃာတပါး ဦးစီး ဖွင့်လှစ်နေတဲ့ စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းဟာ စစ်အစိုးရက ဗုဒ္ဓဘာသာကို ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့ အကောင်အထည် ဖော်နေတာ ဖြစ်တယ်လို့ ပြည်တွင်းပြည်ပ သံဃာတော်တွေက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ပြီး သင်တန်းကို ရုတ်သိမ်းပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။

0:00 / 0:00

၂ဝဝ၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ စတင် ဖွင့်လှစ်ခဲ့တဲ့ အဲဒီသင်တန်းဟာ လာမယ့် တနင်္လာနေ့၊ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ အပတ်စဉ် (၆၄) ကို ရန်ကုန်မြို့ အေးရှားပလာဇာ တတိယထပ်မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ ရဟန်းတပါး ဦးစီးတဲ့ ဒီသင်တန်းမှာ တက်ရောက်နေကြတဲ့ အစိုးရ ဌာနပေါင်းစုံက အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ အဆင့်မြင့် အရာရှိတွေဟာ နောက်ဆုံးပေါ် နိုင်ငံခြား တေးသီချင်းတွေနဲ့ ကခုန် နေကြပုံတွေကို အင်တာနက် ဗီဒီယိုမှတ်တမ်းတွေမှာ အထင်အရှား တွေ့မြင်ရတဲ့အတွက် ဗုဒ္ဓဘာသာကို ဖျက်ဆီးတဲ့လုပ်ရပ် ဖြစ်နိုင်ကြောင်း၊ စိတ်ဓာတ်စစ်ဆင်ရေး နည်းဗျူဟာတွေ မကြာခဏ သုံးလေ့ရှိတဲ့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အစီအစဉ်တခု ဖြစ်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ် ယူဆပါတယ်။

သင်တန်းကျောင်း တာဝန်ခံတဦးဖြစ်သူ ဒေါ်ခင်မြင့်ကတော့ အခု သင်တန်းဟာ စစ်အစိုးရနဲ့ လုံးဝ ပတ်သက်မှု မရှိကြောင်း၊ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အရ ပညာဒါန ဖွင့်လှစ်နေတာဖြစ်ပြီး သက်ဆိုင်ရာ သာသနာရေး၊ ပညာရေး ဝန်ကြီးဌာနတွေ၊ သံဃာ့ မဟာနာယက အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတာ ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုပါတယ်။ ဒီသင်တန်းနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က စုစည်း တင်ပြထားပါတယ်။