ညီညွတ်စွာတိုက်ပွဲဝင်ဖို့ သံဃာ့တပ်ပေါင်းစု တိုက်တွန်း

လွတ်လပ်ရေးရဲ့ အနှစ်သာရတွေကို အမှန်တကယ် ခံစားနိုင်ဖို့ ပြည်သူလူထု တရပ်လုံးနဲ့ အတိုက်အခံ အင်အားစုတွေအားလုံး ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်သွားကြဖို့ လိုအပ်ကြောင်း ဒီကနေ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ သံဃာ့တပ်ပေါင်းစုက တိုက်တွန်း လှုံ့ဆော်လိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ဗြိတိသျှလက်အောက်က လွတ်ခဲ့ပေမဲ့ ပြည်တွင်းဖြစ် စစ်အာဏာရှင်တွေ လက်အောက်မှာ ပြည်သူတွေဟာ လွတ်လပ်ရေး ဆက်လက် ဆုံးရှုံးနေရဆဲ ဖြစ်တယ်လို့ သံဃာ့ တပ်ပေါင်းစု ဦးဆောင် ဆရာတော်တပါး ဖြစ်တဲ့ ဦးဓမ္မသီရိက မိန့်ကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ လုပ်ခဲ့ပေမဲ့လည်း စစ်အာဏာရှင်တွေကသာ အသွင်ပြောင်း ဆက်လက် အုပ်ချုပ်သွားမှာ ဖြစ်ကြောင်း၊ စစ်အာဏာရှင်တွေဟာ အတိုက်အခံ အင်အားစုတွေအကြား ညီညွတ်မှာကို ကြောက်ရွံ့နေပြီး၊ မညီညွတ်အောင် အမြဲဖန်တီးနေကြောင်း ဒီအချက်ကို သတိထားပြီး ဆောင်ရွက်ကြဖို့ လိုကြောင်း ဦးဓမ္မသိရီက ဆက်လက်မိန့်ကြားပါတယ်.။

စစ်အာဏာရှင်တွေနဲ့ အပေါင်းပါ စီးပွားရေးသမားတွေဟာ အဂတိ လိုက်စားတဲ့ နိုင်ငံရေးသမားတွေ အဖြစ် မြန်မာ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ ပုံစံသစ်နဲ့ ပေါ်ထွန်းလာမှာဖြစ်ပြီး၊ အများစု ပြည်သူလူထုကြီးအနေနဲ့ အဖိနှိပ်ခံရမှု။ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်ဦးမှာ မဟုတ်သေးကြောင်း၊ ဒါကြောင့် ညီညီညွတ်ညွတ်နဲ့ ဆက်လက် တိုက်ပွဲဝင်ကြရဦးမှာ ဖြစ်ကြောင်း သံဃာ့ တပ်ပေါင်းစုအဖွဲ့က တိုက်တွန်း လှုံ့ဆော်ထားပါတယ်။