မုံရွာမှာ ဆဲဗင်းဇူလိုင်ပွဲ ကျင်းပသူ ကျောင်းသား ၆ ဦး တရားစွဲခံရ


2015.07.09
monya-students-620.jpg ၅၃နှစ်ပြည့် ဆဲဗင်းဂျူလိုင်နေ့ အခမ်းအနားကို တက္ကသိုလ်ကျောင်းသားတွေ မုံရွာနည်းပညာတက္ကသိုလ်ရှေ့မှာ ပြုလုပ်စဉ်
Photo: Monywa University Students' Union Facebook

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က မုံရွာတက္ကသိုလ်နဲ့ မုံရွာနည်းပညာတက္ကသိုလ်ရှေ့တွေမှာ ၅၃နှစ်မြောက် ဆဲဗင်းဂျူလိုင်အခမ်းအနား ကျင်းပခဲ့တဲ့ ကျောင်းသားတွေထဲက ၆ယောက်ကို ပုဒ်မ ၁၈နဲ့ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူးက တရားစွဲဆိုလိုက်ပါတယ်။

၅၃ နှစ်ပြည့်မြောက် ၇ ဇူလိုင်အခမ်းအနားကို ကျောင်းရှေ့မှာပြုလုပ်တာကြောင့် တရားစွဲဆိုခံရတာလို့ မုံရွာနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဝေမိုးနိုင်က ပြောပါတယ်။

"ကျနော်တို့က အစကစီစဉ်ထားတာ မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ စီစဉ်တာပေါ့နော်၊ ဒါပေမဲ့ ၇ ဇူလိုင်ပွဲလုပ်ဖို့ သွားတဲ့အချိန်ကျတော့ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်က ကျနော်တို့ကို ကျောင်းထဲဝင်ခွင့်မပေးဘူး ဆိုတော့ ကျနော်တို့က ကျောင်းအပေါက်ဝမှာ လုပ်ပါတယ်၊ အဲ့ဒါ ပုဒ်မ ၁၈ နဲ့ စွဲလိုက်တာပါ၊ မုံရွာတက္ကသိုလ် ပြီးတော့ မုံရွာနည်းပညာတက္ကသိုလ်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားလုပ်ပါတယ်၊ နှစ်နေရာပေါ့၊ ကျနော် ရယ် နောက်ထပ်ကောင်မလေးတစ်ယောက်ရယ်ကတော့ မုံရွာတက္ကသိုလ်ရှေ့ရော မုံရွာနည်းပညာ တက္ကသိုလ်ရှေ့ရော နှစ်နေရာအတွက် တရားစွဲခံရတယ်၊ ကျန်တဲ့ ၆ ယောက်ကတော့ တစ်မှုဆီနဲ့ စွဲခံရတယ်"

ကျောင်းသား ၆ယောက်ကို တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ၁၈ နဲ့ တရားစွဲဆိုထားတယ်လို့ မုံရွာအမှတ် ၁ ရဲစခန်းက အတည်ပြုပြောပါတယ်။

ဇူလိုင် ၇ ရက်နေ့ အခမ်းအနားတွေကို  မုံရွာအပါအဝင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပြည်စတဲ့မြို့ကြီးတွေ မှာ ကျောင်းသားတွေက ကျင်းပခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။