ဖမ်းဆီးခံကျောင်းသား များ ပြန်လွှတ်ရေး မုံရွာမှာ ဆန္ဒပြ

0:00 / 0:00

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှာ သံဃာတော်တွေ နဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၁၀၀ ကျော်က လက်ပံ တန်းကျောင်းသားသပိတ်ကို အစိုးရက အကြမ်းဖက်ခဲ့တဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်းနဲ့ ဖမ်းဆီးခံကျောင်း သားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာအစိုးရရဲ့လုပ်ရပ်တွေကို နိုင်ငံတကာက သိရှိလာပြီး ဝိုင်းဝန်းဖိအားပေးဖို့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြတာဖြစ်တယ် လို့ ဒီကနေ့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ဦးအေးသိန်းက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ဒီနေ့မနက် ၉ နာရီကစတင်ပြီး ၃ နာရီ ကြာ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ မုံရွာပြည်သူ့ အားကစားကွင်းကနေ နာရီစင်၊ ကမ်းနားလမ်း၊ မုံရွာဈေး တို့ကိုဖြတ်ပြီး ဗိုလ်ချုပ်ရုပ်ထုရှေ့မှာ အလေးပြုကာ ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်မှာ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ မုံရွာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ က ကျောင်းသား ၅ ယောက်နဲ့ အရပ်သား တစ်ယောက်ကို မုံရွာရဲစခန်းက တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်ပါတယ်။

မုံရွာမြို့မ ရဲစခန်းက တရားစွဲဆိုထားတဲ့အတွက် ရဲစခန်းမှာ သွားရောက် အဖမ်းခံခဲ့ ကြောင်း တရားစွဲဆိုခံရသူ မုံရွာ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ ဥက္ကဌ ကိုဝေမိုးနိုင် က မုံရွာရဲစခန်းရောက်ရှိစဉ် ပြောပါတယ်။

"ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲတဲ့ကိစ္စရယ်၊ ဖမ်းဆီးထားတဲ့ကျောင်းသားတွေ လွတ်မြောက်ရေး ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ကျောင်း သားတွေ ခွင့်ပြုချက်မတင်ဘဲ နဲ့ ကျနော်တို့ဆန္ဒထုတ်ဖော်ခဲ့တယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပုဒ်မ ၁၈ အရအမှုဖွင့် အရေးယူထားတယ်လို့ သိရတယ်၊ ဆင့်ခေါ်စာရရခြင်း ရဲစခန်းကိုလိုက်လာပေးဖို့ စာပို့တယ်၊ ပုဒ်မ ၁၈ ကိုလက်မခံတာဖြစ်တဲ့အတွက်၊ ပုဒ်မ ၁၈ ကို အကြောင်းပြု ပြီးတော့ ဆင့်ခေါ်တဲ့စာပေါ်မှာ ကျနော်တို့ဘက်က သွားတွေ့တာကိုမလုပ်ခဲ့ဘူး၊ ဒါပေမယ့် ဒီနေ့ ကိုစည်သူထွန်းကို ဖမ်းလိုက်တဲ့အပေါ်မှာ ဘယ်လိုဆက်လုပ်ဖို့အစီအစဉ်ရှိလဲ၊ ဖမ်းမယ် ဆိုရင်လဲ ကျနော်တို့ ဒီမှာအဆင့်သင့်ရှိတယ်၊ ကျနော်တို့အခုရဲစခန်းထဲကို ရောက်နေပါပြီ"

ဆန္ဒပြပွဲကိုဦးဆောင်ခဲ့သူ ဦးအေးသိန်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။