မုံရွာမြို့ဘုရားဖူး အမျိုးသမီး ၁၂ ဦး အာဏာပိုင်ဖမ်းဆီး

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လယ်သိမ်းခံရတဲ့ ကျေးရွာတွေကနေ မုံရွာမြို့ပေါ်ကို အင်္ကျီဆင်တူဝတ်ပြီး ဘုရားဖူးလာတဲ့ အမျိုးသမီးတွေ အပါအ၀င် ဒေသခံ အမျိုးသမီး (၁၂) ဦးကို အာဏာပိုင်တွေက ဒီကနေ့ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
2012-09-10
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
against-arrested-women-091012-b305
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က ဖမ်းဆီး ထိန်းသိမ်းထားသူ အမျိုးသမီး ၁၂ ဦး ပြန်လွှတ်ပေးရန် ပွင့်လင်း လူ့အဖွဲ့အစည်း လှုပ်ရှားသူများ၊ မုံရွာခရိုင် ဗကသ ကျောင်းသားအဖွဲ့နှင့် ပြည်သူလူထုက ဆန္ဒပြ တောင်းဆိုနေကြစဉ်။
Photo courtesy of Open Society Monywa

မုံရွာမြို့ပေါ်က ဆုတောင်းပြည့်ဘုရားကို ၀တ်ပြုဆုတောင်းဖို့ သွားကြတဲ့ ၀က်မှေးကျေးရွာသူတွေကို ညောင်ပင်ကြီးဆိပ်ကမ်းကနေ တတ်လာချိန်ကတည်းက ရဲအင်အား (၃၀) လောက်က အနီးကပ် စောင့်ကြည့်နေခဲ့ပုံကို အဖမ်းမခံရခင် မိနစ်ပိုင်း အလိုက ၀က်မှေးကျေးရွာသူ တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။

" ၁၀ ယောက်တောင်မှ ကျွန်မတို့ ထိုးဖောက်ပြီးတော့ ဇက်ကြီးပေါ် ဆင်းသက်ပြီးတော့ အပြေးတက်ပြီးတော့ ဘုရားထဲမှာ လာဖူးရတယ်။ ဝက်မှေးက ၃ ယောက်၊ ရွှေလှေက ၇ ယောက်၊ ၁၀ ယောက်ထဲပဲပါတယ်။ အဲတာကို ဘုရားဖူးပြီးတော့လည်း ကျွန်မတို့နောက်ကို အာဏာပိုင်တွေ၊ ရဲတွေက အယောက် ၃၀ လောက်ပါတယ်။ အဲဒီမှာ ဆုတောင်းပြည့်ဘုရားကြီး ပတ်ပတ်လည်မှာ အကုန်လုံး အပေါက်တွေကို ပိတ်ထားပါတယ်။ ဘယ်နေရာမှ ဖွင့်ပြီး သွားပိုင်ခွင့်မရှိဘူး"

ဖမ်းဆီး ထိန်းသိမ်းထားသူတွေ ပြန်လွှတ်ပေးဖို့အတွက် မုံရွာမြို့ပေါ်က ဒေသခံတွေ၊ ပွင့်လင်း လူ့အဖွဲ့အစည်းက လှုပ်ရှားနေသူတွေနဲ့ မုံရွာခရိုင် ဗကသကျောင်းသား အဖွဲ့ဝင်တွေ ပါဝင်တဲ့ ပြည်သူလူထု ၃၀၀ နီးပါးလောက်က မုံရွာအမှတ် (၁) ရဲစခန်းကို ၀ိုင်းထားပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြတဲ့အထဲမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုကံရွှေက RFA ကို အခုလို ပြောပြပါတယ်။

"မနက်က ဘုရားဖူးဆိုပြီးတက်လာတဲ့ အဖွဲ့ကိုလေ လုံခြုံရေး စိုးရိမ်လို့ဆိုပြီး ဆွဲသွားတာ။ ဒီကနေ ရဲစခန်းကို ခေါ်သွားတယ်ပေါ့နော်။ ရဲစခန်းကိုခေါ်သွားတော့ ဗကသကျောင်းသားတွေနဲ့၊ ပွင့်လင်းလူ့အဖွဲ့အစည်း အကုန်လုံး ချိတ်ဆက်ပြီးတော့ ဒီလူတွေ လွှတ်ပေးဖို့ ဆန္ဒခံယူတယ်ပေါ့နော်။ အခုလောလောဆယ် လူပေါင်း ၃၀၀ လောက်ရှိတယ်။ သူတို့ဘက်က လောလောဆယ် ၁၀ ယောက်လွှတ်မယ်ပြောပေမဲ့ ကျွန်တော်တို့က ၁၂ ယောက်လုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်"

ဖမ်းဆီး ထိန်းသိမ်းထားတဲ့သူ အားလုံးကို အာဏာပိုင်တွေက အခုညနေ (၆) နာရီအထိ မလွှတ်ပေးသေးတဲ့အတွက် မုံရွာခရိုင် ဗကသကျောင်းသားတွေ ဦးဆောင်တဲ့ ဒေသခံလူထု ၃၀၀၀ နီးပါးလောက်ဟာ ထိန်းသိမ်းခံထားတဲ့သူတွေကို အမြန်လွှတ်ပေးရေး တောင်းဆိုပြီး မုံရွာမြို့တစ်ပတ်လှည့်လည် ဆန္ဒပြနေတယ်လို့ သိရပါတယ်။

မုံရွာ တစ်ဖက်ကမ်းကနေ မုံရွာမြို့ပေါ်ကို ပို့ဆောင်ပေးနေတဲ့ လှေ၊ သမ္မာန်စတဲ့ ပို့ဆောင်ရေး ရေယာဉ်တွေကိုလည်း တစ်ဖက်ကမ်းကျေးရွာတွေကနေ မြို့ပေါ်တက်လာလို့ မရအောင် အာဏာပိုင်တွေက မနေ့ကတည်းက တားဆီး ပိတ်ပင်ထားတဲ့ အတွက် မုံရွာမြို့ပေါ်မှာ အလုပ်လုပ်နေရတဲ့ ဒေသခံ အလုပ်သမားတွေ အခက်အခဲကြုံ နေရတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတ၀ိုက်က လယ်သမားတွေ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိမ်းသိန်းခံထားရတဲ့ အခြေအနေမှာ ၀ိုင်းဝန်းကူညီနေကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဗကသ အဖွဲ့ဝင် တစ်ဦးအပြင် ကူညီသူတစ်ဦးကို အာအက်ဖ်အေ ၀ိုင်းတော်သူ မအင်ကြင်းနိုင်နဲ့ မခက်မာတို့က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်