ကွတ်ခိုင်မြို့နယ်မှာ စစ်ပြေးဒုက္ခသည် ပိုများလာ


2016.03.13
kotkhaing-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်စရမ်းနဲ့ လွယ်ကန်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မီးလောင်ပျက်ဆီးနေသော နေအိမ်အချို့ကို မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရတပ် တပ်မ ၃၃ နဲ့ ပလောင် တအာင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံ တစ်ထောင်နီးပါး ထွက်ပြေးနေကြရပါတယ်။

မနေ့က ကွတ်ခိုင်မြို့နယ် လွယ်စရမ်းနဲ့ လွယ်ကန်ကျေးရွာတွေမှာ ဒုက္ခရောက်နေသူ တွေကို သွားရောက်ခေါ်ဆောင်လာခဲ့တဲ့ နမ့်ဖတ်ကာ ရန်အောင်မြင်ကျောင်းတိုက် ဆရာတော် ဦးထေရဝံသ က တွေ့မြင်ခဲ့ရတာတွေကို အခုလိုမိန့်ပါတယ်။

"ဦးဇင်းတို့သွားကြည့်တဲ့အခါကျတော့ ကိုယ့်ရဲ့ဌာနေထဲမှာရှိနေတဲ့ ဒကာ၊ ဒကာမ တွေရဲ့ပစ္စည်းတွေ တော်တော်လေးရင်နာစရာကောင်းပါတယ်၊ စပါးရှို့တဲ့နေရာရယ်၊ အိမ်တွေပျက်ဆီးတာရယ်၊ သူတို့ရဲ့အိမ်ထဲကပစ္စည်းတွေရော၊ သိုလှောင်ထားတဲ့ ပစ္စည်းတွေရော၊ ပျက်ဆီး တာတွေ တွေ့ခဲ့တယ်၊ လမ်းပန်းသွားရတာလည်း ခက်ခဲတယ်၊ အိမ်တွေ၊ ကျောင်းတွေပျက်ဆီးတာတွေ့ခဲ့တယ်၊ အခုဘာမှမရှိတော့ဘူး၊ အကုန်ပြာပုံ ဖြစ်ကုန်ပြီ"

နမ့်ဖတ်ကာမှာလည်း အရင်ရှိပြီးသား ဒုက္ခသည်တွေနဲ့ပေါင်းရင် စုစုပေါင်း ဒုက္ခသည် ၇၀၀ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း လွယ်ကန်ကျေးရွာက နေအိမ် ၁၁ လုံးမီးရှို့ခံရသလို ၅ နှစ် အရွယ် ကလေးငယ်တစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ကွတ်ခိုင်မြို့နယ် မန်ဆိန်ကျေးရွာမှာလည်း နေအိမ် ၃ လုံးမီးရှို့ခံခဲ့ရပါတယ်။ ဒေသခံတွေကတော့ အစိုးရတပ်က မီးရှို့တာဖြစ်ပြီး ငေါ့ငါးကျေးရွာက ဒေသခံ ၄ ယောက်ကိုလည်း ခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။

ဒုက္ခသည် အခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်အောင်မြင်ကျောင်းတိုက်ဆရာတော် ဦးထေရဝံသကို RFA သတင်းထောက် မဝေယံမိုးမြင့် က မေးမြန်းလျှောက်ထား ထားပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။