လွှတ်တော်အမတ်တွေ တစ်ရက်စာ စရိတ် ရေဘေးလှူမယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၀၀ ကျော်ရဲ့ နေ့တွက်စရိတ် တစ်ရက်စာ ငွေကျပ် ၂သောင်းစီကို စုပေါင်း ပြီး ရေဘေးဒဏ်ခံနေရတဲ့နေရာတွေကို လှူဒါန်းသွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ဒီကနေ့ လွှတ်တော်မှာ ကြေညာလိုက်ပါတယ်။

ကိုယ်စားလှယ်အားလုံးက သဘောတူတဲ့အတွက် ပေးလှူသွားမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ကြေညာခဲ့ပါတယ်။

"ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ နေ့တွက်စရိတ်တစ်ရက်စာကို ပေးလှူရန်လွှတ်တော်အနေနဲ့ စီစဉ်ချင်ပါတယ်၊ ကိုယ်စားလှယ်များက သဘောတူတဲ့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ နေ့တွက်စရိတ် တစ်ရက်စာကို ရေဘေးအန္တရာယ်ကျရောက်နေတဲ့ ဒေသများရှိ ပြည်သူများအား ပေးလှူသွား မှာဖြစ်ကြောင်း ကြေညာပါတယ်"

ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်အားလုံး ၄၂၆ ဦးရှိတဲ့အတွက် စုစုပေါင်းငွေကျပ် သိန်း ၈၀ ကျော် ရရှိမှာဖြစ် ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ရရှိတဲ့နေ့တွက်စရိတ် တစ်ရက်စာကို စုပေါင်းလှူဒါန်းခဲ့ကြပါတယ်။

ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ မွန်နဲ့ ကချင်စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုမှာ ရေ ကြီးရေလျှံမှုကြောင့် ရေဘေးဒုက္ခရောက်နေတဲ့ လူဦးရေ ၄ သိန်းနီးပါးရှိနေပြီဖြစ်ပါတယ်။

အဲ့ဒီဒုက္ခသည်တွေအတွက် အစိုးရက ငွေကျပ်သိန်း ပေါင်း ၃၅ဝဝ နီးပါးဖိုး ဆန်ရိက္ခာနဲ့ အရေးပေါ်စားနပ် ရိက္ခာတွေ ထောက်ပံ့ကူညီပေးထားပါတယ်။

အဲဒီတိုင်းနဲ့ပြည်နယ် ၈ခုထဲမှာ ဧရာဝတီ၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး စတဲ့တိုင်းဒေသကြီး ၅ ခုမှာ လူနေအိမ် ရေနစ်မြုပ်မှုများနေတာဖြစ်ပါတယ်။